မောင်တောမြို့တွင် အစိုးရက လုံခြံုရေးအခြေအနေ ထိန်းချုပ်ထား

မောင်တောမြို့တွင် အစိုးရက လုံခြံုရေးအခြေအနေ ထိန်းချုပ်ထား

မောင်တော ၊ သြဂုတ် ၃၁ ။                              ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၌ လုံခြုံရေးအခြေအနေကို ထိန်းချုပ်ထားသည်ဟု   မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဆိုသည်။

"မြို့ပေါ်လုံခြုံရေးကတော့ ထိန်းနိုင်ပြီ။ ဒါပေမယ့် လွတ်တဲ့နေရာတွေမှာတော့ မီးနဲ့လိုက်ရှို့တာတော့ရှိတယ်။နေ့ခင်းဘက်မှာတော့ ရပြီ၊ ညဘက်ကျတော့ အကန့်အသတ်နည်းနည်းရှိတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

သို့သော် နယ်မြေလုံခြုံရေးအခြေအနေအရ မောင်တောနှင့် ရသေ့တောင်တွင် ညမထွက်ရပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း သြဂုတ် ၃၀ရက် နေ့လည်က  ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးအနီး   နေအိမ်တစ်လုံးအား မီးရှို့မှု ဖြစ်ပွားခဲ့သည်ဟု မောင်တောရှိ မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။

နယ်မြေအခြေအနေမတည်ငြိမ်သေးသော်လည်း မောင်တောမြို့အခြေအနေအား အစိုးရဘက်မှ ထိန်းချုပ်ထားသည်။

သို့သော် အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားနေပြီး ဒေသခံတိုင်းရင်းသား အရပ်သားများပါ သတ်ဖြတ်ခံရမှုဖြစ်များဖြစ်ပေါ်နေပြီး  သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က   မောင်တောသုံးမိုင်အနီးရှိ ဇူလရွာတွင် ဒေသခံတိုင်းရင်းသား ၄ ဦးအသတ်ခံခဲ့ရကာ ၁ ဦးပျောက်ဆုံးခဲ့သည်။ အဆိုပါ ရခိုင်တိုင်းရင်းသားများသည် ဘူးသီးတောင်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များဖြစ်ကြောင်း စုံစမ်းသိရသည်။

ဇူလရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းမီးလောင်မှုကိုသွားရောက်ကြည့်ရှုပြီးအပြန်၌ အကြမ်းဖက်အဖွဲ့များကအနောက်ဘက်မှဓါးဖြင့် လိုက်လံ ခုတ်ခဲ့ကြောင်းကြုံတွေ့ခဲ့ရသူများထံက သိရသည်။

မောင်တောမြို့ ၄ မိုင်အကွာ အထကခွဲ ကျောင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ အများဆုံးပါဝင်သော ဒုက္ခသည် ၁၀၀၀ ကျော် လာရောက်ခိုလှုံနေသည်။

အကြမ်းဖက်သတ်ဖြတ်သူများနှင့်ပတ်သက်ပြီး ဒုက္ခသည်စခန်းရှိလူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားလျက်ရှိသည်။

"သူတို့တွေ တက်လာတဲ့အချိန်မှာ ညီမတို့တွေအသက်မရှိသလိုခံစားရတယ်။ အခုအချိန်မှာ သူတို့တွေရှိနေရင် ဘယ်လိုမှ မနေချင်ဘူး။ ကြောက်လည်းကြောက်တယ်။ကိုယ့်အိမ်တောင်ကိုယ်မပြန်ရဲဘူး" ဟု အဆိုပါ ဒုက္ခသည်စခန်းတွင်ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးကဆိုသည်။

အရပ်သားများ၊ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များပါ သေဆုံးခဲ့ရသော အဆိုပါ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများအား သြဂုတ်လ ၂၅ ရက်မှ စတင်ခဲ့ပြီး ယခုအချိန်ထိ သေဆုံးသူ  ၁၀၀ ကျော် ရှိပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly