ရခိုင်ရှိ အကြမ်းဖက်အဖွဲ့ကို ဆော်ဒီအာရေဗျနှင့် UAEမှ အဖွဲ့အချို့က ထောက်ပ့ံနေဟုဆို

ရခိုင်ရှိ အကြမ်းဖက်အဖွဲ့ကို ဆော်ဒီအာရေဗျနှင့် UAEမှ အဖွဲ့အချို့က ထောက်ပ့ံနေဟုဆို
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၃၀ ။           ။ ရခိုင်မြောက်ပိုင်းရှိ အကြမ်းဖက်တိုက်ခိုက်မှုများကို ဆော်ဒီအာရေဗျနိုင်ငံနှင့် UAE နိုင်ငံရှိ အဖွဲ့အစည်းအချို့မှ ငွေကြေးထောက်ပံ့ ကြီးကြပ်ကြိုးကိုင်နေသည်ကို ဖော်ထုတ်တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီဌာနမှ ရဲမှူးချုပ်ဝင်းထွန်းက ပြောသည်။

သြဂုတ် ၂၉ ရက် က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အမျိုးသားလုံခြုံရေးအဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က နိုင်ငံတကာသံအမတ်များကို ရခိုင်အရေးနှင့်ပတ်သက်ပြီ းရှင်းလင်းပြောကြားစဉ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

" အကြမ်းဖျင်းရှင်းပြရရင် ပြည်တွင်းတိုက်ခိုက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် ဟာဗစ်တူလာရ် ဖြစ်ပါတယ်။ ပြည်ပနေပြီးတော့ မက္ကာမြို့ကပြည်ပက၂၀ ဦး၊ မဒီနာမြို့က ၁ ဦးပါဝင်တဲ့အဖွဲ့တွေ   ပြည်ပကနေ ထောက်ပံ့ပြီး ချုပ်ကိုင်ထားတာဖြစ်ပါတယ် " ဟု ရဲမှူးချုပ် ဝင်းထွန်းကပြောသည်။

ထို့အပြင် ဘူးသီးတောင်တောင်နှင့် မောင်တောဒေသတွင် အကြမ်းဖက်မှုများဆောင်ရွက်ရန် ARSA အဖွဲ့အနေဖြင့် " ဘင်္ဂါလီလူမျိုး ၁၀ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီလည်းဖွဲ့ စည်းထားပါတယ် " ဟု သူကဆက်လက်ပြောသည်။

အကြမ်းဖက်သမားများအနေဖြင့် လေ့ကျင့်မှုအဖွဲ့၊ စည်းရုံးလုံ့ဆော်သည့်အဖွဲ့နှင့်ငွေကြေားထောက်ပံ့ပေးသည့်အဖွဲ့များကိုလည်းဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောကို ရိုဟင်ဂျာနယ်မြေအဖြစ်သိမ်း ပိုက်ဖို့ရည်ရွယ်ပြီးတိုက်ခိုက် နေခြင်းဖြစ် သည်ကို ဖော်ထုတ်တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောသည်။

 လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်နေသည့် ARSA အကြမ်းဖက်သမားများကို မြန်မာ့တပ်မတော်နဲ့ပူးပေါင်းပြီး တိုက်ခိုက်နှိမ်နင်းပေးလိုသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြု ကမ်းလှမ်းထားသည်။

အမှတ် (၁) နယ်ခြားစောင့်ရဲကွက်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ဘင်္ဂလားဒေ့ရှ်နှင့် လတ်တလောတွင် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်းပြောဆိုထားသည်ဟု BBC မြန်မာပိုင်းတွင် ရေးသားထားသည်။

ဖြေရှင်းရန်ခက်ခဲနေသည့် ရခိုင်မြောက်ပိုင်းအရေးနှင့် ပက်သက်ပြီး ကုလသမဂ္ဂတွင် ယနေ့ (သြဂုတ် ၃၀ ရက်) တွင် အရေးပေါ်အစည်းအဝေးတစ်ခု ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဘူးသီးတောင်၊ မောင်တော်အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ယခုအချိန်ထိ လူပေါင်း ၃,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိခဲ့ကြ သည်ဟု ကုလ ဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ထားသည်။

အလားတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောဆိုချက်အရ လူပေါင်း ၄၀၀၀ ခန့်သည် အိုးအိမ်မဲ့ကာ စစ်ရှောင်များအဖြစ် ကယ်ဆယ်ရေးစန်းများတွင်နေထိုင်နေကြ ရကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး တပ်မတော်ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲ ဝင်းက လုံခြုံရေးဆိုင်ရာ အကြံပြု ချက်များကို တပ်မတော်က အစိုးရအဖွဲ့ကိုတင်ပြထားကြောင်း ၊ကာလုံအစည်းအဝေးခေါ်   ခြင်း၊ မခေါ်ခြင်းသည် အစိုးရပေါ် တွင်သာမူတည်ကြောင်း  ယမန်နေ့ကနေပြည်တော်တွင် ပြုလုပ်သည့် ရခိုင် ပြည်နယ်အတွင်း အစွန်းရောက် ဘင်္ဂါလီများ၏အကြမ်းဖက်ဖြစ် စဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပွဲ၌ မီဒီယာများကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly