မောင်တောပဋိပက္ခ အရပ်သားများ စတင်အသတ်ခံရ

မောင်တောပဋိပက္ခ အရပ်သားများ စတင်အသတ်ခံရ

ရန်ကုန် ၊ သြဂုတ် ၂၇ ။            ။ သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း အရပ်သားသေဆုံးမှု မရှိကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း အခုလက်ရှိသတင်းရေးသားချိန်တွင် အရပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း အတိုင်ပင်ခံရုံးက သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် တရားဝင်ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် မြင်းလွတ်မြို့တွင် ရောက်ရှိနေသည့် ဒေသခံမိသားစု ၁၂ ဦးသည် သြဂုတ် ၂၆ ရက် ည ၁၁ နာရီတွင် မြင်းလွတ်မြို့မှ မောင်တောမြို့သို ပြန်လာစဉ် မြို့သူကြီး ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ဆဲ ခရိုင်တရားရုံးပေါ်သို့ တက်ပြေး ပုန်းရှောင်ခဲ့ကြောင်း အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

ယင်းသို့ပုန်းရှောင်နေစဉ် ဘင်္ဂါလီ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၁ ဦးနှင့် ကလေး ၃ ဦး သေဆုံးခဲ့ပြီး ပစ်ခတ်မှုကြောင့် အခြားအမျိုးသမီး ၂ ဦး မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် ကလေးငယ် ၄ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း အတိုင်ပင်ခံရုံး က သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်စဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်သူ ၇၇ ဦး အသေဖမ်းမိကာ ၂ ဦးကို အရှင်ဖမ်းမိကြောင်း ၊ တပ်မတော်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ၊ လဝက ဝန်ထမ်း ၁ ဦး သေဆုံးခဲ့ကာ နှစ်ဖက်သေဆုံးသူ လူဦးရေ ၈၉ ဦးအထိ ရှိခဲ့ကြောင်း အတိုင်ပင်ခံရုံးက ယမန့်နေ့တွင် သတင်းထုတ်ပြန်ထားသော်လည်း အရပ်သားသေဆုံးမှု မပါဝင်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly