မောင်တောပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်သူများကို ကူညီပေးရန် လူကယ်ပြန်ဝန်ကြီးဌာနစီစဉ်နေ

မောင်တောပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်သူများကို ကူညီပေးရန် လူကယ်ပြန်ဝန်ကြီးဌာနစီစဉ်နေ
ဓာတ်ပုံ-EPA
 

ရန်ကုန် ၊ သြဂုတ် ၂၇ ။          ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင် သူများကို ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနေပြီ   ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"အခုအခြေအနေမှာ အမြန်စားသောက်လို့ရမယ့် ရိက္ခာတွေ လိုလာမယ်။ အဲ့ဒါတွေကို ဘယ်လိုထောက်ပံ့ရမလဲ ဘယ်နေရာတွေမှာလိုမလဲဆိုတာကို ကိုယ်တိုင်လာပြီး လေ့လာတယ်။ အခုအစီအစဉ်တွေလုပ်နေပါပြီ။ ပြည်နယ်အစိုးရနဲ့ ပေါင်းပြီး စီစဉ်နေပါတယ်" ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများ ၊ ရဲကင်းများ တိုက်ခိုက်ခံခဲ့ရပြီးနောက် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် ဝန်ထမ်းများသည် နီးစပ်ရာ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း နှင့်တပ်မတော်စခန်း များသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

လက်ရှိ အခြေအနေတွင် ထွက်ပြေးတိမ်းရှောင်လာသူလူဦးရေ စာရင်းကောက်ယူနေဆဲ ဖြစ်ပြီး အတိအကျကို မသိရှိနိုင်သေးကြောင်း စစ်တွေမြို့ကို ရောက်ရှိနေသည့် ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။ သို့သော်လည်း ထွက်ပြေးတိမ်းရှောင်သူ လူဦးရေသည် ၄၀၀၀ခန့်မနည်း ရှိနေနိုင်သည်ဟု မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံသတင်းရင်းမြစ်များက ခန့်မှန်းပြောဆိုသည်။

ယင်းအပြင် အဆိုပါပဋိပက္ခဖြစ်စဉ်ကြောင့် ဘင်္ဂါလီ  ၁,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်နားမှာ ပိတ်မိနေသည်ဟု ရိုက်တာသတင်းတစ်ခုတွင် ဖော်ပြထားသည်။ယခုအကြမ်းဖက်မှုကြောင့် တပ်မတော်သား၁ဦး၊ ရဲတပ်ဖွဲ့ဝင်၁၀ဦး ၊ လဝက၀န်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမား ၇၇ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly