ရန်ကုန် ၊ သြဂုတ် ၂၅ ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသအတွင်းရှိ လုံခြံုရေးရဲစခန်းများ အချိန်ကိုက် တိုက်ခိုက်ခံရခြင်းများကို ရှုံ့ချကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် သေဆုံးသူ မိသားစုဝင်များနှင့်ထပ်တူ ၀မ်းနည်းကြောင်း ၊ ဒဏ်ရာရရှိသွားသူများကို အမြန်ဆုံးပြန်လည်သက်သာစေရန် ဆုမွန်ကောင်း တောင်းဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Renata Lok-Dessallien က ထုတ်ပြန်ပြောကြားသွားခဲ့သည်။
ယင်းအပြင် တာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များကို ရှောင်ရှားရန် ၊ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် ၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည် လုပ်ဆောင်ရန်နှင့် ဖြစ်ပွားနေသည့် ကိစ္စရပ်များကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် ကုလသမဂ္ဂမှ တိုက်တွန်းထားသည်။
ကုလမဂ္ဂအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်သွယ်ပြီး အခြေအနေများကို ဆက်လက် စောင့်ကြည့်နေသလို ယခုဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ရဲ့ အကြံပြုချက်များကို အစိုးရဘက်က ဖော်ဆောင်သွားရမည်မှာ ထင်ရှားနေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။