အစွန်းရောက်အကြမ်းဖက်သမား ၅၉ လောင်းရရှိထား

အစွန်းရောက်အကြမ်းဖက်သမား ၅၉ လောင်းရရှိထား
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန် ၊ သြဂုတ် ၂၅ ။             ။ မောင်တောဒေသအတွင်း လုံခြံုရေးရဲစခန်းနှင့် တပ်မတော်စခန်းများ တိုက်ခိုက်မှုတွင် ပါ၀င်သည့် အစွန်းရောက် အကြမ်းဖက်သမား ၅၉ လောင်းကို ရရှိထားပြီးဖြစ်ကာ အရှင်တစ်ယောက် ဖမ်းမိထားသည် ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး က ထုတ်ပြန်ထားသည်။

ယနေ့ နေ့လည် သုံးနာရီအထိ နှစ်ဖက်သေဆုံးသူ ၃၃ ဦးအထိ ရှိနေကြောင်း သတင်းထုတ်ပြန်ထားပေမယ့် ညနေ လေးနာရီအချိန် သတင်းထုတ်ပြန်ချက်တွင် အစွန်းရောက် အကြမ်းဖက်သမား ၅၉ ဦး အစိုးရဘက်က သေဆုံးသူ ၁၂ ဦး နှစ်ဖက် ရ၁ ဦး ဖြစ်လာခဲ့သည်။

ယခုတစ်ခါ တိုက်ခိုက်မှုများသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တိုက်ခိုက်မှုများထက် ပိုမိုပြင်းထန်ပြီး လက်ရှိအချိန်တွင် အစိုးရ၏ ကင်းစခန်းပေါင်း အခု ၃၀ အထိ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့် အချိန် ၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမည့်အချိန် နှင့် အချိန်ကိုက်  အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ မောင်တောပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အခြေအနေဆိုးဝါးနေဆဲဖြစ်သည်ဟု မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့  နံနက် ၃ နာရီခန့်တွင် အစွန်းရောက် အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ တပ်မတော်သားများက  ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရဘက်က ထုတ်ပြန်ထားသည်။

အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ်လ ၂၅ ရက်၊ ည ၁ နာရီမှ စတင်ပြီး နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly