Miss Universe Myanmar 2015 - 2016 ပြိုင်ပွဲအတွက် ရန်ကုန်မှ ယှဉ်ပြိုင်မည့် သူများကို လျှောက်လွှာခေါ်

Miss Universe Myanmar 2015 - 2016 ပြိုင်ပွဲအတွက် ရန်ကုန်မှ ယှဉ်ပြိုင်မည့် သူများကို လျှောက်လွှာခေါ်
Miss Universe Myanmar 2014 ဆုရရှိသူများကို တွေ့ရစဉ်။

ရန်ကုန် ၊ သြဂုတ် ၁၁ ။        ။ ရန်ကုန်မြို့တွင် ကျင်းပမည့် Miss Universe Myanmar 2015 -  2016  ပြိုင်ပွဲ ဖိုင်နယ် ရွေးချယ်ပွဲ အတွက် လျှောက်လွှာများ စတင်  လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း Miss Myanmar Universe ဖေ့ဘုတ် စာမျက်နှာတွင် ကြေညာ ထားသည်။

Miss Universe Myanmar 2015 ပြိုင်ပွဲ အတွက် ရန်ကုန်မြို့အပြင် မြို့ကြီး ၁၄မြို့မှ ကိုယ်စားပြု အလှမယ် များလည်း ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ယခု ခေါ်ယူသည့် ဖောင်များသည် ရန်ကုန် မှ လျှောက်ထားမည့် သူများ အတွက် ခေါ်ယူခြင်း ဖြစ်သည်။

Miss Universe Myanmar 2015 & 2016 Finalist ရွေးချယ်ပွဲ အတွက် လျှောက်လွှာဖောင် များကို Miss Myanmar Universe ဖေ့ဘုတ် စာမျက်နှာတွင် Download ရယူ နိုင်သလို Hello Madam Media Group ၏ ရုံးချုပ်တွင် သွားရောက် ထုတ်ယူကာ  သြဂုတ် ၂၅ရက် နောက်ဆုံး ထား လျှောက်ထား ရမည် ဖြစ်သည်။

ပြိုင်ပွဲ အတွက် လျှောက်လွှာဖောင် တွင် အချက် ၂၆ချက် ပါဝင်ပြီး စည်းကမ်းချက်များ မကိုက်ညီခြင်း ၊ ချိုးဖောက် ခြင်း ရှိပါက နိုင်ငံတကာ ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ၏ အဆင့် တခုခုတွင် ဆက်လက် ပါဝင် ခြင်းမှ ထုတ်ပယ် ခံရမည် ဖြစ်ပြီး ဆု အဖြစ် ရရှိ ထားသော ငွေသားနှင့် ပစ္စည်းများအား ပြန်လည် သိမ်းဆည်း ခံရမည် ဖြစ်ကြောင်း ပါဝင်သည်။

ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲတွင် Miss Universe Myanmar 2015 အပြင် ၂၀၁၆ ခုနှစ် အတွက် Miss Universe Myanmar 2016 ကိုပါ ရွေးချယ်မည် ဖြစ်ပြီး Miss Universe Myanmar Organization မှ ပထမဆုံး အကြိမ် အလှမယ် ၂ဦး ရွေးချယ်မည် ဖြစ်သည်။

Miss Myanmar Universe 2015 နောက်ဆုံး ပြိုင်ပွဲကို အောက်တိုဘာ ၃ရက်တွင် ရန်ကုန်မြို့ Gandamar Whole Sale ၏ Grand Ball Room ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး မြို့ကြီး ၁၄မြို့ ကိုယ်စားပြု အလှမယ် နှင့် ရန်ကုန်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် Finalist Contestants (၆) ဦး စုစုပေါင်း ဆန်ကာတင် အယောက် ၂၀ တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

လက်ရှိတွင် Miss Universe Myanmar 2015 ပြိုင်ပွဲ အတွက် မိုးကုတ် ကိုယ်စားပြု အလှမယ် ၊ ပြည်မြို့ ကိုယ်စားပြု အလှမယ် ၊ လားရှိုးမြို့ ကိုယ်စားပြု အလှမယ် ၊ ပဲခူးတိုင်း ကိုယ်စားပြု အလှမယ် ၊ မန္တလေး ကိုယ်စားပြု အလှမယ် ၊ စစ်တွေ ကိုယ်စားပြု အလှမယ် ၊ မုံရွာ ကိုယ်စားပြု အလှမယ် ၊  ပုသိမ် ကိုယ်စားပြု အလှမယ် များကို မြို့အလိုက် ရွေးချယ် ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly