ဗြိတိန်ပြည်သူ ၂၆၀၀၀ကျော်က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟုအား ဖမ်းဆီးရန် တိုက်တွန်းသည့် ပန်ကြားလွှာကို လက်မှတ်ထိုး

ဗြိတိန်ပြည်သူ ၂၆၀၀၀ကျော်က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟုအား ဖမ်းဆီးရန် တိုက်တွန်းသည့် ပန်ကြားလွှာကို လက်မှတ်ထိုး

တီဟီရန်၊ သြဂုတ် - ၁၁ ။        ။ နောက်လ ဗြိတိန်သို့ ရောက်ရှိလာသည့်အခါတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဆီးရန် အစိုးရကို တောင်းဆိုသည့် ပန်ကြားလွှာတစ်စောင်ကို ဗြိတိန်ပြည်သူများက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ပရပ်စ်တီဗီသတင်းတစ်ရပ်အရ သိရှိရသည်။

''ဘင်ဂျမင်နေတန်ယာဟုအား လန်ဒန်သို့ ရောက်ရှိလာသည့်အခါတွင် စစ်ရာဇဝတ်မှုများဖြင့် ဖမ်းဆီးပေးပါရန်''ဟု ခေါင်းစဉ်တပ်ထားသည့် ပန်ကြားလွှာကို ဗြိတိန်အစိုးရနှင့် ပါလီမန်က ထူထောင်ထားသည့် ပန်ကြားလွှာဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်သည်ဟု ဆိုသည်။

''ဘင်ဂျမင်နေတန်ယာဟုမှာ စက်တင်ဘာလတွင် လန်ဒန်တွင် ဆွေးနွေးပွဲများ ကျင်းပလိမ့်မည်။ ၂၀၁၄ခုနှစ်တွင် အရပ်သား ၂၀၀၀ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အတွက် ဗြိတိန်သို့ရောက် လျှင်ရောက်ချင်း စစ်ရာဇဝတ်မှုများဖြင့် ဘင်ဂျမင်နေတန်ယာဟုကို ဖမ်းဆီးသင့်သည်''ဟု ပန်ကြားလွှာတွင် ရေးသားထားသည်ဟု ဆိုသည်။

ပန်ကြားလွှာကို သြဂုတ်လ ၁၀ရက်နေ့မတိုင်မီအထိ လူပေါင်း ၂၆၀၀၀ကျော်က လက်မှတ်ထိုးထားပြီး၊ လက်မှတ်ထိုးသူအရေအတွက်မှာ တစ်ဟုန်ထိုး မြင့်တက်လာနေလျှက်ရှိသည်ဟုဆိုသည်။

ဥပဒေအရ လက်မှတ်ထိုးသူ ၁၀၀၀၀ကျော်သည့် ပန်ကြားလွှာများကို စဉ်းစားရလေ့ရှိရာ ယခုတောင်းဆိုချက်ကိုလည်း ဗြိတိသျှအစိုးရက တုန့်ပြန်မည်ဟု မျှော်လင့်ရသည်။

ပန်ကြားလွှာဝက်ဆိုက်စည်းမျဉ်းအရလည်း လက်မှတ် တစ်သိန်းကျော်ရရှိသည့် မည်သည့်ပန်ကြားလွှာကိုမဆို ဗြိတိန်ပါလီမန်တွင် ဆွေးနွေးငြင်းခုန်ရန် စဉ်းစားရသည်။ ပန်ကြားလွှာကို လက်မှတ်ထိုး ရန်နောက်ဆုံးရက်မှာ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၇ရက်ဖြစ်သည်။

ဂါဇာကမ်းမြှောင်ကို ကျူးကျော်တိုက်ခိုက်စဉ်က အစ္စရေးစစ်တပ်က ပါလက်စတိုင်းအရပ်သား ရာပေါင်းများစွာကို သတ်ဖြတ်မှုမှာ စစ်ရာဇဝတ်မှုမြောက်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၁၄ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် ပြောကြားခဲ့သည်။

''အရပ်သားတွေ (ဒါမှမဟုတ်) အရပ်သားနဲ့ဆိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံရတော့ စစ်ရာဇဝတ်မှုမြောက်ပါလိမ့်မယ်''ဟု လန်ဒန်အခြေစိုက် လူ့အခွင့်အရေး အုပ်စုများက လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။ ကြိုတင်သတိပေးခြင်းမရှိဘဲ ဂါဇာမှ လူနေအိမ်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် အမှုခ၇မှုကိုလည်း စစ်ဆေးနေသည်ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။

ယမန်နှစ်နွေရာသီက အစ္စရေး၏ ရက်၅၀ကြာ ကျူးကျော်တိုက်ခိုက်မှုတွင် ပါလက်စတိုင်း ၂၂၀၀ကျော် သေဆုံးခဲ့ရပြီး ၁၁၁၀၀ခန့် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly