ရန်ကုန် ၊ သြဂုတ် ၂၁ ။ ။ ဧရာဝတီမြစ်ရေအခြေအနေသည် မန္တလေး ၊ ပခုက္ကူ နှင့် ညောင်ဦးမြို့အနီးတို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိ နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်တွင် ထုတ်ပြန်ကြေညာ ထားသည်။
မန္တလေးမြို့အနီးတွင် စိုးရိမ်ရေမှတ်ဖြစ်သည့် ၄၁ ပေ အထက် ၄၂ ပေ သို့ ရောက်ရှိနေပြီး ပခုက္ကူမြို့အနီးတွင် စိုးရိမ်ရေမှတ် ပေရ၀ အထက် ရ၀.၆၆ ပေ ၊ ညောင်ဦးမြို့အနီးတွင် စိုးရိမ်ရေမှတ် ၆၉ ပေ အထက်ရ၀.၆၆ ပေ သို့ ရောက်ရှိနေသည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် ၊ မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာထွန်းလွင်ကလည်း သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ၊ မကွေး ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့သည် မိုးသည်းနိုင်သည့် ဧရိယာများဖြစ်နိုင်ကြောင်း ခန့်မှန်းသုံးသပ်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့အနီး၌ ချင်းတွင်းမြစ်ရေ မြင့်တက်မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၃၀၀၀ ခန့် ရေဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရသည်။