အီဂျစ်အကျဉ်းထောင်များ တွင်ဆေးကုသ ခွင့်မပေးသောကြောင့်နိုင်ငံရေး အကျဉ်းသား ၂၆၄ ဦးသေဆုံးခဲ့ဟုဆို

အီဂျစ်အကျဉ်းထောင်များ တွင်ဆေးကုသ ခွင့်မပေးသောကြောင့်နိုင်ငံရေး အကျဉ်းသား ၂၆၄ ဦးသေဆုံးခဲ့ဟုဆို

ကိုင်ရို၊ သြဂုတ် - ၁၁ ။        ။ သမ္မတဟောင်း မိုဟာမက်မော်စီကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် အကျဉ်းထောင်အာဏာပိုင်များက ကျန်းမာရေးကို လျစ်လျူရှုထား ခဲ့သောကြောင့် အီဂျစ်ထောင်များထဲတွင် သေဆုံးသွားခဲ့သည့် အကျဉ်းသားအရေအတွက်မှာ ၂၆၄ဦးအထိရှိသည်ဟု အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အစိုးရက ဖမ်းဆီးထိန်းသိမ်းထားစဉ်တွင် ကျန်းမာရေး စစ်ဆေးခွင့်နှင့် ကုသခွင့်များ ငြင်းပယ်ခံရသောကြောင့် ယခုနှစ်တွင် အကျဉ်းသား ၇၂ယောက် သေဆုံးသွားခဲ့သည်ဟု ဗြိတိန်အခြေစိုက် အာရပ်လူ့ အခွင့်အရေးအဖွဲ့ကြီးနှင့် အရှေ့အလယ်ပိုင်းမော်နီတာအဖွဲ့တို့က သြဂုတ်လ ၁၀ရက်နေ့တွင် အစီရင်ခံခဲ့သည်။

အကျဉ်းကျခံနေရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် အက်ဆမ် ဒါဗာလာနှင့် မိုဟာမက် မာဒီ ဟာဂျာတို့ ထောင်ထဲတွင်ပင် သေဆုံးသွားခဲ့ရမှုများကို လူ့အခွင့်အရေး အုပ်စုများကထောက်ပြ လာချိန်တွင် ယခုအစီရင်ခံစာ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။

လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး အာရပ်အာဖရိကန်စင်တာ၏ ပြောကြားချက်အရ ဟာဂျာမှာ ဒေသအာဏာပိုင်များက ကျန်းမာရေး ဆေးစစ်ပေးရန် ငြင်းဆန်သည့်အပြင် အခြေအနေ ဆိုးရွားလာသည့်အခါ တွင် ဒေသဆေးရုံသို့ ပို့ဆောင်ပေးရန်လည်း ခွင့်မပြုခဲ့သောကြောင့် အီဂျစ်၏ ဒုတိယအကြီးဆုံးမြို့ အလက်ဇန္ဒရိရားရှိ ရမယ်ရဲစခန်းတွင်ပင် သေဆုံးသွားခဲ့ရသည်ဟု ဆိုသည်။

ဆေးကုသခွင့်မရ၍ အကျဉ်းထောင်ထဲတွင်ပင် သေဆုံးသွားခဲ့သည့် အီဂျစ်အတိုက်အခံခေါင်းဆောင်များ စာရင်းတွင် မေလကသေဆုံးသွားခဲ့သည့် မွတ်စလင်ညီနောင်များအဖွဲ့ခေါင်းဆောင် ဖာရစ် အစ္စမေး၊ အီဂျစ်တွင် အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး ဇွန်လက သေဆုံးသွားခဲ့သည့် ရှိက် နာဘီ မဂရီဘီနှင့် ယခင် ရှူရာကောင်စီ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သည့် ရှိက်မော်ဂန်ဆလမ် ဂျိုဟာရီ တို့ ပါဝင်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သြဂုတ်လတစ်လတည်းတွင်ပင် အစိုးရက ဖမ်းဆီးအကျဉ်းချထားစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား ၄ဦး သေဆုံးခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သမ္မတဟောင်းမော်စီ ကိုယ်တိုင် ကထောင်ထဲတွင်ပင် သူ့ကို အဆိပ်ခတ်ရန် ကြိုးစားနေသည်ဟု ပြောဆိုက ပုဂ္ဂလိကဆေးရုံတစ်ရုံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

မော်စီကိုဖြုတ်ချဖယ်ရှားလိုက်သည့်အတွက် ဖြစ်ပွားလာသည့် မော်စီလိုလားသည့်ဆန္ဒပြပွဲများကို စစ်အာဏာသိမ်းအစိုးရက ရက်ရက်စက်စက်ဖြိုခွင်းခဲ့ရာတွင် အနည်းဆုံး လူပေါင်း ၁၄၀၀ခန့် အသတ်ခံခဲ့ ရပြီး ထောင်ပေါင်းများစွာ ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ဖမ်းဆီးခံရသူများကို အစုလိုက်အပြုံလိုက် တရားစီရင်ကာ သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly