ရန်ကုန် ၊ သြဂုတ် ၁၉ ။ ။ မွန်ုပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့အကြား ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း မတွေ့ဆုံဖြစ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ မဟာမိတ်ဆက်ဆံရေးဌာနက နိုင်အောင်မငေးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။
"အဲ့ဒီပွဲက ပျက်သွားတယ်၊ မွန်ပြည်နယ်အစိုးရနဲ့ မတွေ့ဆုံဖြစ်ခဲ့ဘူး" ဟု မွန်ပြည်သစ်ပါတီမှ နိုင်အောင်မငေးက ဆိုသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံရန် စီစဉ်ထားသော်လည်း အစိုးရအဖွဲ့မှအကြောင်းပြန်ကြားခြင်းမရှိခြင်းကြောင့်တွေ့ဆုံရန် မဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်အောင်မငေး၏ ပြောဆိုချက်အရ သိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအကြားတွင် ရှေ့ဆက် ဆက်ဆံရမည့် အနေအထားများ ရှိနေပြီး ဒေသတွင်ဖြစ်ပျက်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး နှစ်လတစ်ခါ သုံးလတစ်ခါ ပုံမှန်ဆိုသလို တွေ့ဆုံဆွေးနွေးဖြစ်နေသည်ဟု သိရသည်။
မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။