Ooredoo Enjoy the Internet

Shop.com.mm

ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိထုတ်ပြန်ပေးရန် ပြည်ခိုင်ဖြိုးအပါအဝင် ၂၁ပါတီတောင်းဆို

.

ရန်ကုန် ၊ သြဂုတ် ၁၄ ။                   ။ ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိထုတ်ပြန်ပေးရန် အပါအ၀င် အချက်လေးချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၁ ပါတီက တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ် မောင်တောဒေသ၌ မြိုတိုင်းရင်းသားများ အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် နိုင်ငံရေးပါတီ ၂၀ တို့ သြဂုတ် ၁၄ရက်က ရန်ကုန်မြို့ သံလွင်လမ်းရှိ   ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဆွေးနွေးခဲ့ကြအပြီး သတင်းစာရှင်းလင်းပွဲတွင် ကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းကြေညာချက်တွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိထုတ်ပြန်ပေးရန်၊ ထိရောက်လုံလောက်သည့် ဒေသလုံခြုံရေးစနစ်ကို အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဥပဒေအရ အကာအကွယ်အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ပေးရန်၊ အကြမ်းဖက်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးရန် အချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်းသို့ တပ်မတော်မှ လုံခြုံရေးအင်အားများ တိုးမြှင့်ချထားပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တော နှင့် မေယု တောင်တန်းတို့တွင် အကြမ်းဖက်သမားများမှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံရွာသူရွာသားများကို အကြမ်းဖက်သတ်ဖြတ်ခြင်းများ   ပြုလုပ်နေသည်ဟု အစိုးရဘက်မှ တရားဝင် ထုတ်ပြန်ထားသည်။

နယ်စပ်မတည်ငြိမ်မှုများကြောင့် တပ်မတော်၏ အင်အားဖြည့်လုံခြုံရေးတိုးမြှင့်ထားရသည့် ရခိုင်နယ်စပ် မောင်တောမြို့နယ် အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သြဂုတ်လ ၉ ရက်မှ ဆက်လက်၍ (၂) လထိ ထပ်မံ တိုးမြှင့်ထားသည်။

သြဂုတ်လ ၃ ရက်က မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသား ၆ ဦး သတ်ဖြတ်ခံခဲ့ရသလို သြဂုတ်လ ၅ ရက်က ရသေ့တောင်မြို့နယ်အတွင်း သံသယရှိသူအချို့အား ဝင်ရောက်ဖမ်းဆီးရာတွင် ၎င်းရွာများမှ လူ (၆၀၀) ခန့်၏ ဝိုင်းဝန်းတိုက်ခိုက်မှုများကို အာဏာပိုင်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။