မေယုတောင်တန်းကိစ္စ ကာကွယ်ရန် တာဝန်ရှိဟု အမျိုးသားလုံခြံုရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဆို

မေယုတောင်တန်းကိစ္စ ကာကွယ်ရန် တာဝန်ရှိဟု အမျိုးသားလုံခြံုရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဆို

ရန်ကုန် ၊ သြဂုတ် ၁၁ ။          ။ မေယုတောင်တန်းပေါ်၌ အကြမ်းဖက်သမားများ ခိုအောင်းနေပြီး ဒေသခံရွာသူရွာသားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းအပေါ် တိုင်းပြည်အနေဖြင့် ကာကွယ်ရန် တာဝန်ရှိကြောင်း အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောဆိုလိုက်သည်။

"မေယုတောင်တန်းပေါ်မှာဖြစ်တဲ့ဟာမျိုးဆိုရင် တိုင်းပြည်အနေနဲ့ ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်" ဟု ယနေ့ နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ နံနက်ပိုင်း အပြီးတွင် မီဒီယာများရဲ့ မေးမြန်းမှုကို ဦးသောင်းထွန်းက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင် မောင်တော နှင့် မေယု တောင်တန်းတို့တွင် အကြမ်းဖက်သမားများမှ လုံခြံုရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံရွာသူရွာသားများကို အကြမ်းဖက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်ဟု အစိုးရဘက်မှ တရားဝင် ထုတ်ပြန်ထားသည်။

ယမန်နေ့ သြဂုတ် လ ၁၀ ရက်နေ့က တပ်မတော်မှ တပ်ရင်းတပ်ဖွဲ့များကို ရခိုင်ပြည်နယ် သို့ တိုးချဲ့စေလွှတ်မှု များ ရှိနေသော်လည်း အဆိုပါကိစ္စများနှင့် စပ်လျဉ်းခြင်း ရှိမရှိကို လုံခြံုရေးအခြေအနေအရ ထုတ်ပြန်ထားခြင်း မရှိပေ။

ယင်းကဲ့သို့ ရခိုင်ပြည်နယ်အတွင်း၌ တပ်အင်အားများ တိုးချဲ့စေလွှတ်မှုမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လုံခြံုရေးတိုးမြှင့်ပေးရန် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်ပိုင်းများက သြဂုတ်လ ၉ ရက်နေ့တွင် တွေ့ဆုံတောင်းခံခဲ့သည် ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဦးလှစောက မဇ္စျိမသို့ ပြောသည်။

"လုံခြံုရေးအားနည်းတယ်၊ အခုဖြစ်နေတာတွေက နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး လုပ်နေတဲ့ အကြမ်းဖက်သမားစစ်စစ်တွေ ဆိုတော့ ပြတ်ပြတ်သားသား ချေမှုန်းသင့်တယ်လို့ ပြောခဲ့ပါတယ်။   နောက်နေ့တွေကျတော့ အဲ့ဘက်ကို တပ်အင်အားတွေ တိုးချဲ့ပြီးပို့တယ်။ ဆက်စပ်မှုရှိမရှိကတော့ မပြောတတ်ဘူး" ဟု ဦးဦးလှစောက ဆိုသည်။

ထို့အပြင် နယ်စပ်မတည်ငြိမ်မှုများနှင့် တပ်မတော်၏ အင်အားဖြည့် လုံခြုံရေးတိုးမြှင့်ထားရသည့် ရခိုင်နယ်စပ် မောင်တောမြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား သြဂုတ်လ ၉ ရက်မှ ဆက်လက်၍ (၂) လထိ ထပ်မံ တိုးမြှင့်လိုက်သည်။

သြဂုတ်လ ၃ ရက်နေ့က မောင်တောမြို့နယ်တွင် မြိုတိုင်းရင်းသား ၆ ဦး သတ်ဖြတ်ခံခဲ့ရသလို သြဂုတ်လ ၅ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း သံသယရှိသူအချို့အား ဝင်ရောက်ဖမ်းဆီးရာတွင် ၎င်းရွာများမှ လူ (၆၀၀) ခန့်၏ ဝိုင်းဝန်းတိုက်ခိုက်မှုများကို အာဏာပိုင်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly