UNFC အဖွဲ့ဝင်များကို အပစ်ရပ်လက်မှတ်ထိုးရန် တိုက်တွန်း

UNFC အဖွဲ့ဝင်များကို အပစ်ရပ်လက်မှတ်ထိုးရန် တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၁၀ ။            ။ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကို တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် (NCA) ရေးထိုးရန်အတွက်   ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောဆိုသည်။

" ဆွေးနွေခဲ့တဲ့အကျိုးရလဒ်ကဘာဖြစ်သလဲဆိုလို့ရှိရင် DPN ဘက်ကအဆိုပြုထားတဲ့ အချက် ၉ချက်ပေါ့နော် အဲ့တာတော်တော်လေးကိုပြီးမြောက် သွားပါပြီလို့ ကျွန်တော်ယုံကြည်ပါတယ်။ သူ့အနေနဲ့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီကခေါင်းဆောင်တွေ အမှူးပြုပြီးတော့ မကြာခင်စတင်မယ့် တတိယပင်လုံပေါ့နော် ။ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မှာတော့ ဒီကသူတွေအားလုံးလက်မှတ်ရေးထိုးပြီးတော့ ပါ၀င်နိုင်လိမ့်မယ်လို့ သူကတော့ တော်တော်လေးကို ယုံကြည်နေပါတယ်။ ဒါကြောင့် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ပြီးတော့ အားလုံးမျှော်လင့် တဲ့ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့နေရာ မှာ အားလုံးပူးပေါင်းဆောင် ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် " ဟု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

NCA မထိုးရသေးသည့်အဖွဲ့များမှ ဖွဲ့စည်းထားသည့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်အဖြစ်   စေလွှတ်သော   နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် သြဂုတ်လ ၁၀ ရက် နေ့၊ ဆဌမအကြိမ်မြောက် တွေ့ဆုံသည့်စည်းအဝေးဖွင့်ပွဲမိန့်ခွန်းတွင် ယင်းကဲ့သို့ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN) အနေဖြင့် အစိုးရကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်ရေးဆွဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ (JMC) ကိစ္စများအပါအဝင် အချက် ၈ ချက်ကို တောင်းဆိုထားပြီး အဆင်ပြေပါက အချက် ၉အဖြစ် NCAလက်မှတ်ရေးထိုးမည်ဟု ပြောဆိုထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က " သတင်းမီဒီယာတွေမှာ ဖော်ပြတာ တွေ့ပါတယ်။ ကျွန်တော်တို့က တစ်ချက်ပဲ ကျန်တယ်၊ နှစ်ချက်ပဲ ကျန်တယ် စသဖြင့်။ ဘယ်နှစ်ချက်ပဲကျန်ကျန် ကျွန်တော်တို့ဆွေးနွေးတာ ၈ချက် တစ်ချက်ကျန်ရင်လည်း ၈ချက် သဘောမတူသလိုပဲဖြစ်တယ်။ ၈ချက်လုံး သဘောမတူလဲ၊  ၈ ချက်လုံး မပြေလည်ဘူးဆိုတာ ဟုတ်ပါတယ်။ ဒါ အဖြေပါပဲ။ အဲ့တော့ ဒီနေ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်နှစ်ချက်ပဲ ကျန် တယ်။ ဘယ်နှစ်ချက်ကတော့ပြီးပြီ ဆိုတာနဲ့ တစ်ချက်ချင်း တစ်ကယ်ပဲ နားလည်မှုကတူညီနေပြီလား ဆိုတာကအစထည့်သွင်းပြီးတော့ သွားချင်ပါတယ် " ဟု ပြောဆိုသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့ဘက်မှအစိုးရကိုတောင်းဆိုထားေသော အချက် ၈ချက်အနက် ညှိနှိုင်းရန် ကျန်ရှိနေသည်အချက်များကို ဆွေးနွေးနေကြခြင်းလည်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်ရေးဆွဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ (JMC) ကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဆိုသည့် အချက်နှစ်ချက် ညှိနှိုင်းပြေလည်ပါက UNFC အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးနိုင်ဖွယ် ရှိနေသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ပြီးခဲ့သည့် ရက်ပိုင်း သြဂုတ်လ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် ရန်ကုန်မြို့၌ တရားဝင်တွေ့ဆုံခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly