ဘူးသီးတောင်၌ ကျေးရွာတာဝန်ခံကို အကြမ်းဖက်သမားမျာက ဓါးဖြင့် ခုတ်

.

ရန်ကုန် ၊ သြဂုတ် ၈ ။           ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာ၌  ကျေးရွာတာဝန်ခံအား အစွန်းရောက်အကြမ်းဖက်သမားများက ဓါးဖြင့် ၀င်ရောက်ခုတ်ခဲ့သည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းတောင် ကျေးရွာ တာဝန်ခံ မာမောက်ဆော်လိန်(၃၈)နှစ် သည် စာကိုင်းကျေးရွာရှိ အီလီယက် လ္ဘက်ရည်ဆိုင်၌ ကျောင်းတောင်ရွာ ရာအိမ်မှူး၊ စာကိုင်းရွာ ရာအိမ်မှူး၊ ကျေးရွာလူကြီးများ နှင့် တွေ့ဆုံပြီးကျေးရွာအတွက် လုံခြုံရေးအစည်းအဝေး ပြုလုပ်စဉ် ကျောင်းတောင် အလယ်ရွာနေ အကြမ်းဖက်သမား အာလီဂျူဟတ်(၃၂)နှစ် (ဖ)အဒူခါလိတ်နှင့် မျက်နှာဖုံး စွပ်ထားသည့် အစွန်းရောက် အကြမ်းဖက်သမား(၁၀)ဦးက ဓါးဖြင့် ဝင်ရောက် ခုတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ခုတ်ငင်မှုကြောင့် ကျေးရွာတာဝန်ခံဖြစ်သည့် မာမောက်ဆော်လိန်သည် ခုတ်ရာ ဦးခေါင်းထိပ်၊ ယာနားထင်၊ ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာများနှင့် ရင်ဘတ်ထိုးသွင်းဒဏ်ရာများ ရရှိခဲ့ကာ ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

ဓါးဖြင့် ဝိုင်းဝန်းခုတ်ခဲ့သည့် ကျောင်းတောင် အလယ်ရွာသား အပါအဝင် မျက်နှာဖုံးစွပ်ထားသည့် အစွန်းရောက် အကြမ်းဖက်သမား ၁၀ ဦးတို့အား တောင်ဘဇာနယ်မြေစခန်းမှူး ရဲအုပ် ဦးစီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရန် ဆောင်ရွက်နေသည်ဟု သိရသည်။