တောင်သူ စိုက်စရိတ် ချေးငွေအတွက် ဝိုင်းကြီးချုပ်စနစ်ဖြင့်သာ ဆက်ချေးနိုင်ဦးမည်

တောင်သူ စိုက်စရိတ် ချေးငွေအတွက် ဝိုင်းကြီးချုပ်စနစ်ဖြင့်သာ ဆက်ချေးနိုင်ဦးမည်

တောင်သူလယ်သမားများအား နှစ်စဉ် စိုက်ပျိုးစရိတ် ချေးငွေကို အစိုးရက သုံးဦး ဝိုင်းကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိရာ လယ်သမားများ ပိုမိုအဆင်ပြေရန် တစ်ဦးချင်းချေးပေးရန် ရှိ၊ မရှိ ဧရာဝတီတိုင်းလွှတ်တော်တွင် မေးမြန်းခဲ့သော်လည်း ထိုသို့လုပ်ပေးရန် အစီအစဉ်မရှိကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

သြဂုတ် ၅ရက်က ကျင်းပသည့် ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးတွင် ကန်ကြီးထောင့်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက အောက်ပါအတိုင်း  မေးမြန်းခဲ့ခြင်းဖြစ်သည်။

"အကျေပေးဆပ်တဲ့တောင်သူတွေ ထုတ်ချေးခွင့်မရလို့ စိုက်ပျိုးရန်အခက်အခဲများနှင့် ကြံုတွေ့နေရပါတယ်။ မပေးဆပ်တဲ့ တောင်သူတချို့က ပြင်ပ အတိုးနှုန်းကြီးစွာချေးယူပေးဆပ်ရမယ်အစား စိုက်ဘဏ်ကိုမပေးဆပ်ရင် စိုက်ဘဏ်အတိုးနှုန်းက အပြင်ထက်သက်သာတဲ့အတွက် မပေးဆပ်ခြင်းများလည်းရှိနေကြောင်း ဒီပြဿနာဟာ နှစ်စဉ်ဖြစ်ပေါ်လျှက်ရှိသော ပြဿနာဖြစ်ပါတယ်။ တောင်သူတွေမှာ ပိုင်ဆိုင်မှု ပုံစံ-၇ ရှိနေပြီးဖြစ်တဲ့အတွက်တစ်ဦးချင်းတာဝန်ခံယူမှုနဲ့ မဟုတ်ဘဲ ဝိုင်းကြီးချုပ်စနစ်အစား တောင်သူတစ်ဦးချင်းဆီကို ထုတ်ချေးတဲ့ စနစ်ကိုပြောင်းလဲရန်အစီအစဉ်ရှိ၊ မရှိ” ဟု ဒေါ်ခင်စောမူက မေးမြန်းခဲ့သည်။

ယင်း မေးခွန်းကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက စိုက်ပျိုးစရိတ်ထုတ်ချေးမှုကို ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် ဝိုင်းကြီးချုပ်စနစ်အစား တစ်ဦးချင်းကိုထုတ်ချေးနိုင်တဲ့ စနစ်ကို တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

"အခက်အခဲများ အကြံပြူချက်များကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြချက်များရရှိထားပါတယ်။ တင်ပြချက်များကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ တိုင်းဒေသကြီးအစိုးရ စီမံကိန်းဝန်ကြီးများ အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားပါမယ်" ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းတွင် မိုးချေးငွေ စပါးသီးနှံတစ်မျိုးအတွက် ၂,၅၀၈,၉၁၇ဧက ရှိပြီး တစ်ဧကကို တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။

မိုးစပါးအတွက် ဘီလီယံ၃၇၆.၃၃၇ ကျပ်ဖြစ်ပြီး၊ နွေရာသီတွင် နွေစပါးစိုက်ဧက ၈၇၆,၆၄၄ အတွက် လျာထားငွေက ၁၃၁.၄၉၆ဘီလီယံရှိကာ အခြားသီးနှံတွေအတွက် ၅၉၃၈၇၀ဧကအတွက် လျာထားငွေက ကျပ်၂၉.၆၉၃ ဘီလီယံ လျာထားကြောင်း တိုင်းအထွေထွေမန်နေဂျာဦးသန်းဌေးအောင်က မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ စိုက်စရိတ်လျာထားမှုအား မဇ္ဈိမသို့ ရှင်းပြသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၅ခုနှစ်အတွက် မိုးစပါး၊ ဆောင်းစပါး အကြွေးကျန်စုစုပေါင်း ၂၄ဘီလီယံကျော် အထိရှိပြီး တစ်နှစ်ထက် တစ်နှစ် ကြွေးကျန်ပိုများလာသည်ဟု သိရသည်။ ကြွေးကျန်တောင်သူပေါင်း လေးသောင်းကျော် ရှိသည်ဟု တရားဝင်စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly