မြိတ်တွင် သေဆုံးသည့် ကြက်အကောင် ၅၀၀ခန့်မှာ H5N1 ကြောင့် သေဆုံးခြင်းမဟုတ်

မြိတ်တွင် သေဆုံးသည့် ကြက်အကောင် ၅၀၀ခန့်မှာ H5N1 ကြောင့် သေဆုံးခြင်းမဟုတ်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ သြဂုတ် ၃ ။               ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကြက်များ အကောင်ရေ ၅၀၀ ခန့် သေဆုံးခြင်းသည် H5N1 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

"တိမွေးကုကတော့ ပြောတယ်၊ ရိုးရိုးသာမန်ဖြစ်နေကျရောဂါပါတဲ့၊ ကြက်ခြေလွတ်ပြီး သေတာပါလို့ပြောတယ်၊ H5N1 တော့ မဟုတ်ပါဘူး" ဟု ဦးမြတ်ကိုကိုက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ မြိတ်မြို့ပေါ်ရှိ ကြက်အကောင်ရေ ရ၅၀ ခန့်ရှိသည့် ကြက်ခြံတစ်ခုတွင် ကြက်များ စတင်သေဆုံးခဲ့ပြီး ဇူလိုင်လ ၃၁ ရက်အထိ ကြက်အကောင်ရေ ၅၀၀ ခန့် သေဆုံးခဲ့သောကြောင့် H5N1 ဟုတ်မဟုတ် အတည်ပြုစစ်ဆေးရန် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနသို့ ပေးပို့ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မြိတ်မြို့ပေါ်တွင် ကူးစက်ရောဂါ မဖြစ်ပွားစေရန်နှင့် ရောဂါကြိုတင်ကာကွယ်ရန် မြိတ်မြို့ရှိ စျေးအားလုံးတွင် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၂ ရက်အထိ ကြက်ဥ၊ ကြက်သား   ရောင်းဝယ်ခြင်းကို  မပြုလုပ်ရန် ရက်သတ္တပတ် နှစ်ပတ်ကြာ ပိတ်ပင်ထားသည်ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းခန့် တနင်္သာရီတိုင်း ထားဝယ်မြို့အတွင်း၌ H5N1 ဗိုင်းရပ်စ်ပိုး ကူးစက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အခြေခံပညာ စာသင်ကျောင်းအချို့ ပိတ်ခဲ့ရသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်၊ ဇာတိမာန်လမ်းရှိ အိမ်တစ်အိမ်မှ ကြက် ၃ ကောင် ဇူလိုင် ၂၈ရက်က သေဆုံးခဲ့ပြီး သေဆုံးကြက်များ၏ ဓာတ်ခွဲနမူနာများကို နေပြည်တော်သို့ ပို့ဆောင်စစ်ဆေးရာ H5N1 ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly