ရန်ကုန်၊ သြဂုတ် ၃။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိန်စိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးတွေ့ရှိသောကြောင့် သြဂုတ် ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံကြီးသို့လွဲပြောင်းလိုက်ကြောင်း ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာအုန်းက မဇ္စျိမသို့ပြောသည်။
“ဟုတ်ပါတယ်ခင်ဗျ ဒီမနက်ပဲ ဝေဘာဂီဆေးရုံကြီးကိုလွှဲလိုက်တာခင်ဗျ" ဟု ၎င်းကပြောသည်။
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) သည် လူနာများနှင့် တိုက်ရိုက်ထိတွေ့့ရသော ကျန်းမာရေး ဝန်ထမ်းများအား ရောဂါကူးစက်ခံရခြင်း မရှိသေးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်တွင် ပါရှိသော်လည်း ကျန်းမာရေးဝန်ထမ်း တစ်ဦးသည် သံသယရှိလူနာတစ်ဦးအဖြစ် ဟားခါးဆေးရုံကြီး၌ ကုသမှု ခံယူနေရသည်။
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) ဖြစ်ပွားမှုမှာ သြဂုတ်လ ၁ ရက်ထိ အတည်ပြုလူနာ စုစုပေါင်း ရ၆ ဦး ရှိလာပြီး ၁၃ ဦးသေဆုံးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့အတွင်း H1N1 ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းများလုပ်ဆောင်နေကြောင်း ဖျာပုံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။