မြိတ်တွင် ကြက်ဥ၊ ကြက်သားရောင်းချခွင့် ပိတ်ပင်ထား

မြိတ်တွင် ကြက်ဥ၊ ကြက်သားရောင်းချခွင့် ပိတ်ပင်ထား
ဓာတ်ပုံ-ဘိုဘို
 

ရန်ကုန်၊ ဇူလိုင် ၃၁ ။           ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကြက်များသေဆုံးခဲ့ပြီးနောက် ထားဝယ်မြို့အတွင်း H5N1 ဗိုင်းရပ်စ်ပိုးများကူးစက်မည်ကို စိုးရိမ်၍ လတ်တလောတွင် ကြက်ဥ၊ ကြက်သားရောင်းချခွင့်ကို ၁၅ရက်ခန့် ပိတ်ပင်ထားကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကူးစက်ရောဂါမဖြစ်ပွားစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရန် မြိတ်မြို့ရှိ စျေးများအားလုံးတွင် ဇူလိုင် ၂၉ မှ သြဂုတ် ၁၂ ရက်အထိ  ကြက်ဥ၊ ကြက်သား ရောင်းဝယ်ခြင်းမပြုရန် ပိတ်ပင်ထားခြင်းဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းမှစတင်ကာ မြိတ်မြို့ပေါ်ရှိ ကြက် အကောင်ရေ ရ၅၀ ခန့်ရှိသည့်ကြက်ခြံတစ်ခုတွင် ကြက်များသေဆုံးနေပြီး ဇူလိုင် ၃၁ ရက်အထိ အကောင် ၅၀၀ ခန့်သေဆုံးခဲ့ရာ H5N1 ဟုတ်မဟုတ်အတည်ပြု စစ်ဆေးရန် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာနသို့ပေးပို့ထားကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက မဇ္ဈိမကို ပြောသည်။

“လောလောဆယ် နှစ်ပတ်ပိတ်ထားတယ်။ ၁၅ ရက်ပေါ့။ ပိတ်ထားတယ်ဆိုပေမယ့် အခြေအနေကောင်းမယ်ဆိုရင် ကျန်တဲ့ဌာနဆိုင်ရာအဖွဲ့တွေ တိုင်ပင်ပြီး ကျွန်တော်တို့ ပြန်ပြီးဖွင့်ပေးသင့်ရင်လည်း ဖွင့်ပေးမှာပေါ့။ လောလောဆယ်တော့ ကြက်ရဲ့ရောဂါတွေ ကျွန်တော်တို့ဆီလည်း မရောက်သေးတော့လေ ဒီကြားထဲမှာတော့ လောလောဆယ် ပိတ်ထားတာပေါ့။ နှစ်ရက်လောက်ကြာရင် အဖြေထွက်မယ်လို့ပြောတယ်။ ပို့တာက မနေ့ကပို့တာလေ" ဟု ဦးမြတ်ကိုကိုက ဆက်လက်ပြောဆိုသည်။

သို့သော် ဇူလိုင် ၃၁ရက်အထိ မြိတ်မြို့တွင် ကြက်ငှက်တုတ်ကွေး (H5N1) အပြင် ကူးစက်မြန် ရာသီတုတ်ကွေး (H1N1) ဖြစ်ပွားသူ မရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း ထားဝယ်မြို့တွင် H5N1 ဗိုင်းရပ်စ် ကူးစက်မှုရှိခဲ့သောကြောင့် ကျောင်းအချို့ပိတ်ထားခဲ့ရသည်။

အလားတူ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်၊ ဇာတိမာန်လမ်းရှိ အိမ်တစ်အိမ်မှ ကြက် ၃ ကောင် ဇူလိုင် ၂၈ရက်က သေဆုံးခဲ့ပြီး သေဆုံးကြက်များ၏ ဓာတ်ခွဲနမူနာများကို နေပြည်တော်သို့ ပို့ဆောင်စစ်ဆေးရာ H5N1 ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly