မန္တလေးဆေးရုံကြီးတွင် H1N1 လူနာ ရောက်ရှိဆိုသည်မှာ သတင်းမှားသာဖြစ်

မန္တလေးဆေးရုံကြီးတွင် H1N1 လူနာ ရောက်ရှိဆိုသည်မှာ သတင်းမှားသာဖြစ်

မန္တလေး၊ ဇူလိုင် ၂၇ ။            ။ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး တက်ရောက်နေသည်ဟု ဇူလိုင်လ၂၆ ရက် ညပိုင်းက လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေမှုမှာ ကောလဟလသတင်းမှားများသာ ဖြစ်ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။

'' ဘယ်သူက ဘယ်လို စရေးထားလဲ မသိဘူး၊ ဆေးရုံမှာ ဖျားတဲ့ လူတွေရှိပါတယ်၊ H1N1 ဖြစ်လို့ လာတဲ့ လူနာတစ်ယောက်မှာ မရှိသေးပါဘူး၊ ဘယ် လူနာရုံမှာမှ မရှိသေးပါဘူး၊ ရှိလာခဲ့ရင်လည်း စစ်ဆေးကုသမှုတွေ လုပ်နိုင်ဖို့ ပြင်ဆင်ထားပါတယ် '' ဟု မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး လူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ပြောသည်။

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး တက်ရောက်နေသည်ဟု ကောလဟလ သတင်းသည် ဇူလိုင်လ၂၆ ရက် ညပိုင်းတွင် စာတင်ထားသူမှာ ပြန်လည် ဖျက်သွားသော်လည်း ယနေ့အထိ သတင်းအမှားများ ဆက်လက် ပျံ့နှံ့လျက်ရှိသည်။

'' ဒီနေ့ထိ H1N1 လူနာတွေ့တယ်လို့ စာရင်း တက်မလာသေးပါဘူး၊ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ကိစ္စကို စုံစမ်းကြည့်တာ၊ မဟုတ်ပါဘူး။ ဗဟိုအဆင့်ဆေးရုံကြီးတွေ၊ မြို့နယ် ဆေးရုံတွေနဲ့ တိုက်နယ်ဆေးရုံတွေမှာ သံသယရှိ လူနာတက်ရောက်လာပါက ချက်ချင်းအကြောင်းကြားဖို့ စောင့်ကြည့် ကြပ်မတ်ဖို့ ညွန်ကြားထားပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း H1N1 သံသယရှိ လူနာတွေ့ရှိပါက စစ်ဆေးမှုများ၊ ကုသမှုများ ပြုလုပ်နိုင်ရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအပြင် အစိုးရဆေးရုံများ၊ မြို့နယ် ပြည်သူ့ဆေးရုံများတွင် သီးသန့်အခန်းများ ပြင်ဆင်ထားပြီး အသင့်အနေအထား ပြင်ဆင်ထား သည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ၂၅ ရက်မှစတင်၍ H1N1 ရောဂါ စစ်ဆေးမှု ကုသမှုများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်သည့် Personal Protective Equipment (PPE) ကိုယ့်ကိုယ်ကို ကာကွယ်ရေးဝတ်စုံများအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ဝတ်စုံ (၃၀)စုံ၊ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ စသည့်ဖြင့် အစိုးရဆေးရုံ(၆)ရုံအား ဝတ်စုံ (၁၀)စုံစီ ဖြန့်ဝေပေးထားပြီး မြို့နယ်ပြည်သူ့ဆေးရုံများအတွက် ဝတ်စုံ(၅)စုံစီ ဖြန့်ဝေပေးထားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် H1N1 နှင့်ပတ်သက်၍ အပတ်စဉ် စောင့်ကြပ်ကြည့်ရှုနေခြင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦးလေဆိပ်) နှင့် ညောင်ဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် စစ်ဆေးနေခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ မြို့နယ် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် သံသယရှိ လူနာ တက်ရောက်လာပါက စောင့်ကြပ်ကြည့်ရှုခြင်း စသည့် လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags