တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများမှ အပ စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ်များ မသုံးစွဲရန် ထုတ်ပြန်

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများမှ အပ စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ်များ မသုံးစွဲရန် ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် ၂၆ ။          ။ တပ်မတော် (ကြည်း၊ရေ၊လေ)မှ စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် ရာထူးအခေါ်အဝေါ်များကို အခြားမသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခွင့် မရှိကြောင်း တပ်မတော်မှ ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့သည့် သတင်းတွင် သေဆုံးသူ ပြည်သူ့စစ်အဖွဲ့ဝင်အား တပ်မတော်(ကြည်း၊ရေ၊လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် "ဗိုလ်မှူး" ဆိုသည့် စစ်ဘက်ရာထူးအဆင့်ကို ရေးသားဖော်ပြခဲ့ကြောင့် တပ်မတော်မှ သုံးစွဲခြင်းမပြုရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ တရားဝင်ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့တွင် ရာထူးအဆင့်များကို သီးခြားသတ်မှတ် ခေါ်ဝေါ်ခြင်း မရှိဘဲ ကြီးကြပ်ရေးအဖွဲ့ ၊ အဖွဲ့ခေါင်းဆောင် နှင့် အဖွဲ့ဝင် ဟုသာ သုံးစွဲသည်ဟု ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့် ပတ်သက်၍ ကန့်သတ်ထားသည့် ဥပဒေအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ရ ရက်နေ ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၄၂)ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေ၏ အခန်း(၁)ပုဒ်မ ၂(က၊ခ)တို ့တွင် “စစ်ဘက်ရာထူး၊ အဆင့်၊ အခေါ်အဝေါ်ဆိုသည်မှာ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် သတ်မှတ်သုံးစွဲသည့် ရာထူး၊ အဆင့်အခေါ်အဝေါ်ကို ဆိုလိုသည်” ဟု ဖော်ပြထားခြင်းကြောင့် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာသုံးစွဲရန်လိုအပ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly