ရန်ကုန် ၊ ဇူလိုင် ၂၆ ။ ။ ရန်ကုန်ဆေးရုံကြီး၌ H1N1 သံသယဖြင့် ကုသနေသည့် လူနာတစ်ဦး ယနေ့နံနက်ပိုင်းက ထပ်မံသေဆုံးသွားခဲ့သည်ဟု ရန်ကုန်ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာ မြင့်မြင့်အေးက မဇ္စျိမသို့ အတည်ပြုပြောကြားသည်။
"ဟုတ်ပါတယ် ၊ ဖျာပုံဆေးရုံကလွှဲတဲ့လူနာပါ၊ ကိုဆန်းဝင်းဆိုတဲ့လူနာ မနက် ကိုးနာရီဆယ်မိနစ်က ဆုံးတယ်" ဟု ဒေါက်တာမြင့်မြင့်အေးက ဆိုသည်။
အဆိုပါ သေဆုံးသူ လူနာသည် ဖျာပုံဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးနေသည့် လူနာတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့က H1N1 ရောဂါဖြင့် သေဆုံးသွားခဲ့သည့် လူနာနှင့်အတူတူ လွှဲပြောင်းပေးလာသည့် လူနာလည်း ဖြစ်သည်။
သေဆုံးသူအား H1N1 ဖြင့် သေဆုံးခြင်း ဟုတ်မဟုတ် သိရှိစေရန် ဓါတ်ခွဲစစ်ဆေးနေဆဲဖြစ်ပေမယ့် ဇူလိုင်လ ၂၄ ရက်နေ့က H1N1ဖြင့် သေဆုံးသူလူနာနှင့် ရောဂါလက္ခဏာ တူညီနေကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသည့် သံသယ ရာသီတုပ်ကွေး ရောဂါလူနာ (၁၂)ဦးအနက် ဇူလိုင်လ ၂၄ ရက်နေ့က ၂ ဦး သေဆုံးခဲ့ပြီးနောက် ယနေ့ နံနက်တွင် ၁ ဦးထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း ရာသီတုပ်ကွေးကြောင့် သေဆုံးသူသည် ရန်ကုန်ဆေးရုံကြီး၌ ၃ ဦး ၊ ချင်းပြည်နယ်၌ ၁ ဦး စုစုပေါင်း ၄ ဦးအထိ ရှိလာခဲ့သည်။