သာစည်မြို့နယ်၌ ဖမ်းဆီးရမိသည့် လက်နက်ကိစ္စ ဆက်စပ်တရားခံများကို စုံစမ်းဖော်ထုတ်နေ

သာစည်မြို့နယ်၌ ဖမ်းဆီးရမိသည့် လက်နက်ကိစ္စ ဆက်စပ်တရားခံများကို စုံစမ်းဖော်ထုတ်နေ
ဓာတ်ပုံ-MOI Webportal Myanmar

ရန်ကုန် ၊ ဇူလိုင် ၂၀ ။           ။ သာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်အနီး ၌ ဖမ်းဆီးရမိသည့် မောင်းပြန်သေနတ် (၂၂) လက် ကိစ္စနှင့် ပတ်သက်ပြီး ဆက်စပ်တရားခံများ ကွင်းဆက်တရားခံများကို ဆက်လက်စုံစမ်းဖော်ထုတ်နေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယမန်နေ့ ည ၁၀ နာရီခန့်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံ တိုးဂိတ်အနီး၌ မန္တလေးသို့ ပို့ဆောင်မည့် မောင်းပြန်သေနတ် (၂၂) လက်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဆိုပါ လက်နက်များသည် ကယားပြည်နယ် လွိုင်ကော် မှ မန္တလေးသို့ သွားရောက်မည့် ယာဉ်ပေါ်၌ ပါရှိလာခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်ပေါ်၌ ဖမ်းဆီးရမိသည့် တရားခံဖြစ်သူ နေစိုးထွေးမင်း(ခ)ကိုစိုင်း နှင့် ဇနီးဖြစ်သူ မမြတ်ဆုနှင်း တို့ကို စစ်ဆေးရာ မန္တလေးမြို့အောင်မြေ သာစံမြို့နယ် အင်းလေးတည်းခိုခန်းတွင် တည်းခိုနေသော ကျုံလျန်ဆန်း(ခ)မောရာ ထံ ပို့ဆောင်ခငွေကျပ်(၁၅)သိန်းဖြင့် ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကျုံလျန်ဆန်း(ခ)မောရာအား ဇူလိုင်လ ၂၀ ရက်နေ့ မနက် တွင် အင်းလေးတည်းခိုခန်းတွင် ဖမ်းဆီးရမိခဲ့ပြီး တရားခံ နေစိုးထွေးမင်း၏ နေအိမ်အား ဆက်လက် ရှာဖွေရာတွင် ဒီတိုနေတာ တစ်ထုပ်လျှင်(၅၀၀)ခုပါ (၂၆) ထုပ်၊ ယမ်းစိမ်း တစ်ထုပ်လျှင် (၉၀)ကျပ်သားပါ (၆၀)ထုပ် နှင့် ငွေသား ကျပ်(၁၄၀)သိန်းတို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် လက်နက်များအား ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင် လာခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ််၊ ဧပြီလတွင် တစ်ကြိမ်သယ်ယူခဲ့ပြီး ယခုဖမ်းဆီးရမိသည့်အကြိမ်သည် တတိယအကြိမ်ဖြစ်ကြောင်း အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။

လက်နက်များအား တရားမဝင်သယ်ဆောင်သူများဖြစ်ကြသော နေစိုးထွေးမင်း၊ မြတ်ဆုနှင်းနှင့် ကျုံလျန်ဆန်း(ခ)မောရာ တို့အား သာစည်မြို့ရဲစခန်းမှ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်သွားမည်   ဖြစ်ကြောင်း၊ ဆက်လက်၍ လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများ တရားမဝင်သယ်ယူလာသည့် ကွင်းဆက်တရားခံများနှင့် ဆက်စပ်တရားခံများအား ဆက်လက်၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly