PCMJ က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်စိုးမြင့်အောင်ကို အရေးယူပေးရန် ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်

PCMJ က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်စိုးမြင့်အောင်ကို အရေးယူပေးရန် ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်

ရန်ကုန်၊ ဇူလိုင် ၁၈ ။            ။ ဗဟန်းရဲစန်းမှ အရေးယူပေးခြင်းမရှိဟုဆိုကာ တပ်ကြပ်စိုးမြင့်အောင်ကို အရေးယူပေးရန် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) က ဗဟန်းတရားရုံးတွင် ယနေ့ (ဇူလိုင် ၁၈) အရေးယူပေးပါရန် ဦးတိုက်လျှောက်ခဲ့သည်။

" တပ်ကြပ်စိုးမြင့်အောင်ကို ဇွန်လကတိုင်ထားတဲ့ အမှုကို ရဲစခန်းကနေပြီး အရေးယူမပေးလို့ တရားရုံးကို ဦးတိုက်လျှောက်တာပါ။ အဓိကတော့ နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုအကာကွယ်ပေးရေး ဥပဒေဆိုင်ရာ ကိုယ်တို့ကို နောက်ယောင်ခံလိုက်တယ်။ ဓာတ်ပုံတွေရိုက်တယ်။ ဗီဒီယိုရိုက်တယ်။ ကိုယ်တို့ လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းတင် စောင့်ကြည့်တဲ့ အတွက်ကြောင့်မို့လို့ အခုလိုက ကိုယ်တို့ မလုံခြုံသလို ခံစားရတဲ့အတွက်ကြောင့် ဒီဥပဒေအရ သူ့ကိုအရေးယူပေးဖို့ ဗဟန်းတရားရုံးကို ဦးတိုက်လျှောက်တာပေါ့နော် " ဟု ကာကွယ်ရေးကော်မတီမှ ဦးဆောင်အဖွဲ့ဝင် ဦးသာလွန်ဇောင်းထက် (ခေါ်) ဦးလှိုင်းသစ်ဇင်ေ၀ က ပြောဆိုသည်။

ဇွန်လ ၃၀ တွင် ဗဟန်းရဲစခန်းတွင် တပ်ကြပ်စိုးမြင့်အောင်ကို အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၆ ရက်တွင် PCMJ မှ အမှုဖွင့်ထားမှုကို လက်မခံကြောင်း ဗဟန်းရဲစခန်းက ပြန်လည်အကြောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အရေးယူပေးခဲ့ခြင်းမရှိသည့် ဗဟန်းစခန်းမှူး ဒုရဲမှူးအေးမင်းသိန်းကိုလည်း ယနေ့ (ဇူလိုင် ၁၈) တွင် အရေးယူပေးပါရန် ကာကွယ်ရေးကော်မတီမှ ဦးဆောင်အဖွဲ့ဝင် မသဲနှင်းအေးက တရားလိုလုပ်ပြီး ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သေးကြောင်း လည်း သိရသည်။

အဆိုပါ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) မှ ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည့် အမှုနှစ်ခုကို " လက်ခံမခံကို ဇူလိုင်လ ၂၀ ရက်မှာအကြောင်းပြန်မယ်" ဟု ဦးသာလွန်ဇောင်းထက်ကပြောဆိုသည်။

ဇွန်လ ၃၀ ရက်က ဗဟန်းတရားရုံးရှေ့တွင် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ရုံးထုတ်တွင်သတင်းယူနေကြသော သတင်းသမားများနှင့် ပြည်သူများကို တစ်ဦးချင်းစီကို လိုက်လံ၍ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းယူသောကြောင့် နိုင်ငံသားတို့၏ တစ်ဦးချင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ခြိမ်းခြောက်မှုဖြစ်စေသည်ဟုဆိုကာ PCMJ က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ  တပ်ကြပ်စိုးမြင့်အောင်ကို အမှုဖွင့်ခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags