ဇူလိုင်လအကုန်တွင် YBSယာဉ်အားလုံး အာမခံထားရှိရန် ၀န်ကြီး ဒေါ်နီလာကျော်က ညွှန်ကြားထား

ဇူလိုင်လအကုန်တွင် YBSယာဉ်အားလုံး အာမခံထားရှိရန် ၀န်ကြီး ဒေါ်နီလာကျော်က ညွှန်ကြားထား
Photo - Yangon Bus Service

ရန်ကုန် ၊ ဇူလိုင် ၁၆ ။                         ။ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS အများပိုင်သယ်ယူပို့ဆောင်ရေး ယာဉ်များအားလုံး အလုံးစုံအာမခံထားရှိရန်  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA) ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ညွှန်ကြားထားကြောင်း သိရသည်။

ယမန်နေ့ က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် YBS ယာဉ်လိုင်းများ အစည်းအဝေးမှာ ဝန်ကြီး ဒေါ်နီလာကျော်က မှာကြားသွားခြင်းဖြစ်သည်ဟု အဆိုပါ အစည်းအဝေးတက်ရောက်ခဲ့သူ  Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေးက မဇ္ဈိမကို ပြောသည်။

"အဓိကအချက်က လက်ရှိ YBS ယာဉ်လိုင်းမှာ ဆွဲနေတဲ့ ယာဉ်တွေ အားလုံးပေါ့နော် အလုံးစုံအာမခံထားရမယ်ပေါ့။  ဒီလကုန် နောက်ဆုံးထားပြီး အာမခံ ထားရှိရမယ်ပေါ့" ဟု ကိုတရုတ်လေးက ဆိုသည်။

ခရီးသွားပြည်သူများ ဘေးကင်းပြီး လုံခြုံစိတ်ချစွာခရီးသွားနိုင်ရန်နှင့် ယာဉ်နှင့် ယာဉ်လုပ်သားများအကာအကွယ် ရရှိစေရန် အလုံးစုံအာမခံထားရှိခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် YBS စနစ်တွင် ပါဝင်ပြေးဆွဲနေသည့် ၂၁ ယာဉ်လိုင်း၌ အလုံးစုံအာမခံထားရှိသည့် မော်တော်ယာဉ် အရေအတွက်မှာ ၄၀ ရာခိုင်နှုန်းသာရှိသေးသည်ဟု အဆိုပါ  ကုမ္ပဏီ တည်ထောင်သူ ကိုတရုတ်လေးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  YBS နှစ်စီး တိုက်မှုတွင် YBS ၃၇ ယာဉ်လိုင်းသည် အာမခံ ထားရှိထားပြီး YBS ၅၅ မှာမူ အာမခံထားရှိထားခြင်း မရှိပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly