၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဆင်ဆင်ခြင်ခြင်ပြောရန် NLD မှ ညွှန်ကြားထား

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ဆင်ဆင်ခြင်ခြင်ပြောရန် NLD မှ ညွှန်ကြားထား

ရန်ကုန် ၊ ဇူလိုင် ၁၅ ။          ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ဆင်ဆင်ခြင်ခြင်ပြောဆိုနေထိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီလူကြီးများက ညွှန်ကြားထားသည်ဟု သိရသည်။

"ကျွန်တော်တို့ဘက်ကတော့ ပါတီအနေနဲ့ တွေ့ပြီးတော့ ပြောသင့်တာတွေတော့ လူကြီးတွေက ပြောပါတယ်။ အဓိက ကတော့ ဆင်ခြင်ဖို့ ပြောတာပါပဲ" အမျိုးသားဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက  “အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ပါတယ်” ဆိုသည့် စကားကို ပြောဆိုခဲ့ခြင်းကြောင့် လိုအပ်သလို စိစစ်အရေးယူပေးရန် တပ်မတော်က နိုင်ငံတော်အစိုးရထံ တိုင်ကြားခဲ့သည်။

ယင်းစကားများကို ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် USAID နှင့် FHI တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်သည် နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း ၊ ဦးဖြိုးမင်းသိန်း ဆက်လက်ဆောင်ရွက်ရမည့်အပိုင်းကိုလည်း အစိုးရမှ ညွှန်ကြားထားပြီးဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြေဆိုထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သိရှိရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည် ဖြေဆိုခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly