ငရုတ်သီးနှင့်မျှစ်တွင် တားမြစ်ဆိုးဆေးအသုံးပြုမှု အရေးယူရေး တိုင်းအဆင့်ဆွေးနွေးမည်

ငရုတ်သီးနှင့်မျှစ်တွင် တားမြစ်ဆိုးဆေးအသုံးပြုမှု အရေးယူရေး တိုင်းအဆင့်ဆွေးနွေးမည်

ဈေးကွက်အတွင်း ရောင်းချနေသော ငရုပ်သီးမှုန့် နှင့် မျှစ်တို့ အား ဈေးကွက်နမူနာကောက်ခံ စစ်ဆေးချက်အရ တားမြစ်ဆိုးဆေးအသုံးပြုမှု တွေ့ရှိသဖြင့် ထိရောက်စွာ အရေးယူနိုင်ရန် တိုင်းအဆင့် ဆွေးနွေးမည်ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ)မှ သိရသည်။

'' ဈေးကွက်နမူနာ ကောက်ခံ စစ်ဆေးတဲ့အခါ ပဲပြား၊ ငရုပ်သီးမှုန့်၊ မျှစ်တွေမှာ တားမြစ်ဆိုးဆေး သုံးထားတာ တွေ့နေရတယ်၊ ဒါနဲ့ ပတ်သက်ပြီး အရေးယူမှုအပိုင်းကို ဖိဖိစိစိလုပ်စေချင်တယ်၊ တိုင်းအဆင့် FDA ကော်မတီ ခေါ်သွားမှာပါ၊ အရေးယူမှုအပိုင်းကို အစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီး တိတိကျကျ အရေးယူနိုင်ရန် ဆွေးနွေးသွားမှာပါ '' ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

FDA နှင့် ပူးပေါင်းအဖွဲ့သည် ဈေးကွက်နမူနာ ကောက်ယူ စစ်ဆေးရာ ပဲပြားတံဆိပ်တချို့တွင် ဖော်မလင် ပါဝင်ကြောင်း တွေ့ရသဖြင့် စက်ရုံများအား ရှောင်တခင် စစ်ဆေးခဲ့ရာ (၂၀၁၇)ခုနှစ် ဇွန်(၂၀)ရက်မှစတင်၍ စက်ရုံ(၂)ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ပြီး ငရုပ်သီးမှုန့် နှင့် မျှစ်တို့ တွင် တားမြစ်ဆိုးဆေး အသုံးပြုမှုကို ထိရောက်စွာ အရေးယူနိုင်ရန် ယခုလအတွင်း တိုင်းအဆင့် အစည်းအဝေး ခေါ်ယူ ဆွေးနွေးသွားမည်ဖြစ်သည်။

မန္တလေးမြို့ပေါ်တွင် ဈေးပေါင်း (၄၀)ကျော်ရှိပြီး (၂၀၁၇)ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ ဈေးပေါင်း(၂၀)ကျော် စစ်ဆေးမှုတွင် စားသောက်ကုန်ပစ္စည်း အမျိုးပေါင်း (၁၀၀၀)ကျော် ဝယ်ယူစစ်ဆေးခဲ့ရာ တားမြစ်ဆိုးဆေးအသုံးပြုထားသည့် ပစ္စည်းအမျိုးပေါင်း (၂၇၀)ကျော် တွေ့ရှိခဲ့သည်။

'' ပညာပေးမှုအပိုင်း စစ်ဆေးမှုအပိုင်းတွေကိုလည်း ဆက်တိုက် လုပ်နေပါတယ်၊ ပြည်သူလူထုအနေနဲ့ တားမြစ်ဆိုးဆေး အသုံးပြုထားတဲ့ စားသုံးကုန်ပစ္စည်းတွေကို မသုံးဘူးဆိုပြီး ရှောင်ကြဉ်လာရင် ပိုကောင်းပါတယ်၊ ပြည်သူလူထုပူးပေါင်းပါဝင်စေချင်ပါတယ် '' ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

(၁) ပြည်သူလူထု၏ နေ့စဉ်စားသုံးနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်ဝမှုရှိစေရေး (၂) မန္တလေးဈေးချိုတော်အား ဆိုးဆေးကင်းစင်သော စံပြဈေးတစ်ခုဖြစ်ပေါ်လာစေရေး (၃) မန္တလေးမြို့ပေါ်ရှိ အခြားဈေးများတွင်လည်း ဆိုးဆေးများကင်းစင်လာရေး၊ (၄) အစားအသောက်များတွင်ဆိုးဆေးများကင်းစင်လာသည်နှင့်အမျှ ပြည်သူများ၏ လူသက်တမ်းပိုမိုတိုးတက်လာချိန်တွင် ဈေးသည်များ၏ စီးပွားရေးလည်း ပိုမိုကောင်းမွန်လာရေး စသည့် ရည်မှန်းချက်များဖြင့် ယခုနှစ်ကုန်တွင် မန္တလေးမြို့ပေါ်ရှိ ဈေးအားလုံးတွင် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ရေး လျာထားအကောင်အထည်ဖော်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly