ဒေသခံများဘဝ နိမ့်ကျမည်ကိုလက်ခံမည်မဟုတ်ဟု မစ္စယန်ဟီးလီနှင့်တွေ့ဆုံစဉ် ရခိုင်ဝန်ကြီးချုပ်ပြော

ဒေသခံများဘဝ နိမ့်ကျမည်ကိုလက်ခံမည်မဟုတ်ဟု မစ္စယန်ဟီးလီနှင့်တွေ့ဆုံစဉ် ရခိုင်ဝန်ကြီးချုပ်ပြော
ဓာတ်ပုံ-ရခိုင်ဝန်ကြီးချုပ်ဦးညီပုဖေ့ဘုတ်
 

ရန်ကုန်၊ ဇူလိုင် ၁၂ ။          ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း တွေ့ဆုံစဉ်  ဒေသခံများဘဝ နိမ့်ကျမည်ကိုလက်ခံမည်မဟုတ်ဟု ရခိုင်ဝန်ကြီးချုပ်က ပြောဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် လုပ်ဆောင်မည့် ကိစ္စရပ်များနှင့် ကျောက်ဖြူဒေသခံတောင်သူ များနှင့်တွေ့ဆုံစဉ် ကြားသိခဲ့ရသောပြည်သူလူထု၏  စိုးရိမ်စိတ်အခြေအနေများကို မစ္စယန်ဟီးလီက တင်ပြရာ ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပြောဆိုချက်ကို ရခိုင်ပြည်နယ်အစိုးရမှ ယနေ့ ဇူလိုင် ၁၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ ကျောက်ဖြူ SEZ ကိစ္စရပ်မှာညှိနှိုင်းဆွေးနွေးဆဲ အခြေအနေဖြစ်ပြီး ကျောက်ဖြူ SEZ ကြောင့် ဒေသခံပြည်သူများဘဝ နိမ့်ကျ မည်ကို လက်ခံမည်မဟုတ်”  ဟု ပြောဆိုသည်။

ထို့အပြင် စီမံကိန်းကြောင့် ဒေသခံများဆုံးရှုံးခံရမှုများရှိခဲ့လျှင်လည်း အဆင်ပြေအောင်ပြန်လည်လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဒေသခံများ၏ ရေ ရှည်အကျိုးစီးပွားရှိမှသာ လက်ခံဆောင်ရွက်မှာဖြစ်သည်ဟု ပြည်နယ် ဝန်ကြီးချုပ်ကပြောဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ လုံ/နယ် ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်းမဆောင်တွင်တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် IDP Camp များပြောင်းရွှေ့ နေရာ ချထားမှုများနှင့် ပတ်သက်သော ကိစ္စရပ်များ၊ မောင်တော၊ ဘူးသီးတောင် ဒေသ တည်ငြိမ်ဖွံဖြိုးရေးနှင့် လက်ရှိ ဒေသ အခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် ဖြစ်ပွားခဲ့သော ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည် ဖြည့်ဆည်းဆောင်ရွက်ထားမှု များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ယမန်နေ့ (ဇူလိုင် ၁၁ရက်) တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို သွားရောက်ကာ ဒေသခံ တောင်သူလယ်သမားများနှင့်   တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မစ္စယန်ဟီးလီသည် ယနေ့ ဇူလိုင် ၁၂ ရက်နေ့လယ်တွင် စစ်တွေမြို့သို့ရောက်ရှိနေပြီး နေ့လည်ပိုင်းတွင် ဘူးသီးတောင်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly