ခန္တီးမြို့တွင် လူ ၆၀၀ ခန့် ရေဘေးရှောင်နေရ

ခန္တီးမြို့တွင် လူ ၆၀၀ ခန့် ရေဘေးရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၁၁ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေတတ်သောကြောင့် ခန့်မှန်းခြေ လူဦးရေ ၆၀၀ ခန့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ရေဘေးရှောင်နေရသည်ဟု ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က မဇ္ဈိမသို့ ပြောသည်။

မြသိန်းတန်တွင်ကယ်ဆယ်ရေးစခန်းတစ်ခု၊ မိုင်းဘုန်းကြီးကျောင်းတွင်တစ်ခု၊ ဇီးဖြူကုန်း အ.လ.က ခွဲကျောင်းတွင်တစ်ခု  စုစုပေါင်း ၃ ခန္တီးမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ ဒီလ ၄ ရက်နေ့လောက်ကစပြီးတော့ ဖွင့်တာ။ ဖွင့်ကာစကတော့ နည်းနည်းလေးရှိတာပေါ့ အခုတော့ လူများသွားတာ အဲ့ဒီ့ရေက စိုးရိမ်ရေမှတ်ထက်ကို အများကြီးကျော်သွားတဲ့အခါကြတော့ အခု အနေအထား ကတော့ ၆၀၀ ကျော်လောက်တော့ ရှိတယ် ”ဟု ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြောသည်။

ဇီးဖြူကုန်းရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ပေါမရပ်ကွက် အပါအဝင် ခန္တီးမြို့နယ်အတွင်းရှိ လူ ၆၀၀ ကျော် လာရောက်ခိုလှုံနေကြခြင်းလည်းဖြစ်သည်။

“ ကိုယ့်အိမ်မှာ ရေတအားတတ်လာတဲ့အခါကျတော့ နေလို့မဖြစ်တဲ့အခါ အဲ့မှာ လာရှောင်ကြတာပေါ့။ ကျောင်းကတော့ အခုဆို၂၃ ကျောင်း ပိတ်ထားပြီ  “ ဟု ဦးခင်မောင်ဆင့်ကပြောဆိုသည်။

ယနေ့မြန်မာစံတော်ချိန် ၁နာရီခွဲတွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေးဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သို့သော် မိုးလေဝသပညာရှင် ဦးထွန်းလွင်က ချင်းတွင်းမြစ်ရေသည် ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မြို့ကြီးများဖြစ်ကြတဲ့ ၁။ခန္တီး၊ ၂။ဟုမ္မလင်း၊ ၃။ဖောင်းပြင်၊ ၄။မော်လိုက်၊ ၅။ကလေးဝ၊ ၆။မင်းကင်း၊ ၈။မုံရွာမြို့များအ သီးသီးတွင် စိုးရိမ်ရေအမှတ်အထက်ကိုကျော်လွန်ရောက်ရှိနေပြီး၊ နောက်(၁)ရက်မှ (၃)ရက်အတွင်း နောက်ထပ် ရေအမြင့် (၁)ပေမှ(၂)ပေခန့်ဆက်လက်တက်လာနိုင်ကြောင်း ဇူလိုင် ၁၀ ရက် ညပိုင်းက သတိပေးထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ချင်းတွင်းမြစ်တလျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန်လည်း အကြံပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly