ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားစခန်းသို့ရောက်ရှိ

ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားစခန်းသို့ရောက်ရှိ
 ဓာတ်ပုံ-Filippo Grandi twitter

ရန်ကုန် ၊ ဇူလိုင် ၁၀ ။           ။ ဘင်္ဂလားဒေ့ရှ်ရှိ ကော့ဘဇားဒုက္ခသည် စခန်းကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi (ဖိလစ်ပိုဂရန်ဒီ) သွားရောက်ခဲ့သည်ဟု သိရသည်။

ယင်းခရီးစဉ်အတွင်း "ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဇ်ဘဇား (Cox's Bazaar) နယ်ထဲ ရောက်နေကြတဲ့ ဒုက္ခသည်တွေရဲ့ စိတ်ပျက် အားလျော့မှုတွေကို မြင်တွေ့ခဲ့ရပေမယ့် အနာဂတ်ကာလမှာတော့   မြန်မာနိုင်ငံထဲမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက် မှုတွေ၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေနဲ့အတူ ယုံကြည်မှုတစ်ခုကို ပြန်လည်တည်ဆောက်နိုင်ပါတယ်" ဟု သူ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါနေရာ တွင် မြန်မာနိုင်ငံမှ ရောက်ရှိလာသူ ဘဂီါလီလူမျိုးများ နေထိုင်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် အဆိုပါခရီးစဉ်မတိုင်မီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့်တွေ့ဆုံခဲ့ပြီး  မြန်မာနိုင်ငံရှိ ဘင်္ဂါလီ ဒုက္ခသည်များ အရေးကို ဖြေရှင်းချက်နည်းလမ်းရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ယင်း ဒုက္ခသည်များကို လက်ခံထားရှိမှုကို ထောက်ခံပေးသွားမည်ဟု Filippo Grandi (ဖိလစ်ပိုဂရန်ဒီ) ကဆိုသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi (ဖိလစ်ပိုဂရန်ဒီ) သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံ၌ ခြောက်ရက်ကြာမြင့်ခဲ့သည့် ခရီးစဉ် လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း သွားရောက်ခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ် သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ် ပရာယု ချန်အိုချာနှင့် တွေ့ဆုံခဲ့ကာ မြန်မာဒုက္ခသည်များကို ၎င်းတို့၏ မူလနိုင်ငံရင်းကို ပြန်ပို့နိုင်ရေးကိစ္စ၊ မြို့ပြနေ ဒုက္ခသည်များ၏ ဘ၀ ပိုမိုတိုးတက်လာရေးနှင့် နိုင်ငံမဲ့အခြေအနေအပေါ် အဆုံးသတ်နိုင်ရေး ကိစ္စများကို အဓိက ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly