မ.ဘ.သ အမည် မပြောင်းပါက သက်ဆိုင်ရာပြည်နယ်အစိုးရမှ ဆောင်ရွက်ရမည်

မ.ဘ.သ အမည် မပြောင်းပါက သက်ဆိုင်ရာပြည်နယ်အစိုးရမှ ဆောင်ရွက်ရမည်

ရန်ကုန်၊ ဇူလှိုင် ၁၀ ။            ။ လာမည့် ဇူလိုင်လ ၁၅ ရက်နေက်ဆုံးထား၍ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များရှိ မ.ဘ.သ အဖွဲ့များ အမည်ပြောင်းလဲခြင်းနှင့် ဆိုင်းဘုတ် ဖြုတ်သိမ်းခြင်းများမပြုပါက မ.ဟ.န ဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ဝိနိစ္ဆယဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်က “ သူတို့ဆောင် ရွက်မယ့်ကိစ္စ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့တော့ တိုင်းဒေသကြီး အစိုးရတွေတော့ ဆောင်ရွက်မယ် ထင်ပါတယ်ဗျ။ ကျွန်တော်တို့က တော့ ဆုံးဖြတ်ချက်ချပြီးဖြစ်တဲ့အတွက်” ဟု ပြောဆိုသည်။

သို့သော် မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် မ.ဘ.သ အဖွဲ့တို့အနေဖြင့် မ.ဘ.သ အမည်ကို ပြောင်းလဲမည် မဟုတ်သည့်အပြင် မ.ဘ.သ အမည် ဆိုင်းဘုတ်များကိုလည်း ဖြုတ်ချမည်မဟုတ်ဟု အတိအလင်း ထုတ်ပြန်ကြေညာထားသည်။

“မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၁၅.၇.၂၀၁၇) ရက် နောက်ဆုံးထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန်" ဟူ၍ မဟနမှ ထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူသွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထဲရေးဌာနက သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် အရေးယူမည်ဖြစ်ကြောင်းသိရသည်။

“ ပြည်ထဲရေးကနေ ဆောင်ရွက်ပါဆိုတာ သက်ဆိုင်ရင်အစိုးရ သက်ဆိုင်ရာနယ်မြေ ဒေသရဲ့ပြည်ထဲရေးက သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရပြည်နယ် အစိုးရအဖွဲ့ရဲ့အောက်မှာရှိနေတာပဲလေ။ သူတို့သူဆောင်ရွက်မယ် ထင်ပါတယ်။ ရက်မရောက်သေးတော့ ပြောလို့မရသေးဘူးပေါ့နော်” ဟု ဦးထွန်းညွှန့်က ဆိုသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ကြီးသည် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ သံ/ စည်း/ လုပ်ထုံးလုပ်နည်းတို့နှင့် ဆန့်ကျင် ငြိစွန်းခြင်းမရှိသောကြောင့် “ကရင်ပြည်နယ်မဘသ" အဖွဲ့ဟုသာ ဆက်လက်ခေါ်ဆိုကြမည်ဖြစ်ကြောင်း ကရင်ပြည်နယ် မဘသအဖွဲ့၏ ဇွန် ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မ.ဘ.သ ဆိုင်းဘုတ်များကို အကြမ်းဖက်ဖြိုခွင်းလာပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြသာနာများသည် အစိုးရမှာသာလျင် တာဝန်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး မ.ဘ.သ အဖွဲမှ လည်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly