အကြောင်းပြချက် မခိုင်လုံဟုဆိုကာ The Voice သတင်းစာအယ်ဒီတာချုပ် ငါးကြိမ်မြောက် အာမခံပယ်ချခံရ

အကြောင်းပြချက် မခိုင်လုံဟုဆိုကာ The Voice သတင်းစာအယ်ဒီတာချုပ် ငါးကြိမ်မြောက် အာမခံပယ်ချခံရ

ရန်ကုန်၊ ဇူလိုင် ၇ ။           ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တပ်မတော်က တရားစွဲဆိုခြင်းကိုခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံကို အကြောင်းပြချက် ခိုင်လုံခြင်းမရှိသော ကြောင့်ဟုဆိုကာ ဗဟန်းမြို့နယ်တရားရုံးမှ ငါးကြိမ်မြောက်အဖြစ် ပယ်ချလိုက်သည်။

"အာမခံ လျှောက်ထားတဲ့နေရာမှာ ရုံးချိန်းငါးချိန်းမှာပြည့်ပြည့်စုံစုံ တင်ပြလျှောက်ထားသော်လည်းပဲ တရားရုံးရဲ့ သုံးသပ်ချက်မှာက စုံလင်အောင် မဖော်ပြနိုင်ဘူးဆိုပြီး ပယ်ချပါတယ်" ဟု The Voice သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

အာမခံပယ်ချခံရမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးအထောက်အထား ပြည့်စုံစွာ မဖော်ပြနိုင်ခြင်းကြောင့် တရားသူကြီးက ပယ်ချခြင်းဖြစ်သည်ဟု ဦးခင်မောင်မြင့်၏ ပြောဆိုချက်အရသိရသည်။

အဆိုပါအမှုဖြင့် ပတ်သက်ပြီး ယနေ့ ဗဟန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက လာရောက်စစ်ဆေးခံခဲ့သည်။

အာမခံအကြိမ်ကြိမ်လျှောက်ထားသော်လည်း ပယ်ချခံရသည့်အပေါ် မည်ကဲ့သို့မှတ်ချက်ပေးလိုကြောင်း The Voice သတင်းစာအယ်ဒီတာချုပ်ကို မေးမြန်းခဲ့ရာတွင် "တရားစီရင်ရေးက သိတဲ့အတိုင်းပါပဲ" ဟု ပြန်လည်ဖြေဆိုခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲဆိုခံထားရသော်လည်း အာမခံရရှိသည့် ဥပမာများရှိနေသော်လည်း အာမခံပေးခွင့် ရှိမရှိ ဆိုသည်မှာ တရားသူကြီး တစ်ဦးတစ်ယေက်ချင်း၏ ဆင်ခြင်တုံတရားပေါ် မှီတည်နေသည်ဟု The Voice သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။

မတ်လ ၂၆ ရက်ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည့် ကျည်ထောင်စုသစ္စာ အမည်ရ သရော်စာဆောင်းပါးသည် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည် ဟုဆိုကာ The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၆ ရက် ဒုတိယအကြိမ် ရုံးထုတ်ချိန်တွင် ကျည်ထောင်စုသစ္စာ သရော်စာဆောင်းပါးကို ရေးသားသော ဗြိတိသျှ ကိုကိုမောင်ကို ပုံနှိပ်မီဒီယာတွင်သာ ရေးသားသောကြောင့် အမှုနှင့် သက်ဆိုင်မှုမရှိဟုဆိုသော ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မှတ်ချက်ဖြင့် တရားသေလွှတ်ခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်လက်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly