ပုသိမ်၊ ဇူလိုင် ၆ ။ ။ ဟင်္သာတမြို့နယ်က ဌေးဝင်းဈေးနှင့် ပဒေသာဈေးအတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က ဝင်ရောက်စစ်ဆေးရာ ပဲပြား နှင့် ပဲသွေးများတွင် ဖော်မလင်သုံးစွဲထားမှုတွေ့ရ၍ ထုတ်လုပ်သည့် စက်ရုံများကို ယာယီပိတ်သိမ်းလိုက်ကြောင်း FDA၏ လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမျိုးထွန်းကျော်က ပြောသည်။
"ဈေးကွက်နမူနာ သုံးဆယ်ကျော်ကောက်ယူခဲ့တဲ့အခါ ချက်ချင်းစစ်လို့ရတဲ့ အစားအသောက်တွေကို စစ်တဲ့အခါမှာ ပဲပြားနမူနာသုံးခုနဲ့ ပဲသွေးနမူနာနှစ်ခု ဖော်မလင်ဆိုတဲ့ သုံးစွဲခွင့်မပြုတဲ့ဆေးတွေ စစ်ဆေးတွေရှိခဲ့ပါတယ်။ ပဲပြား နမူနာသုံးခုမှာ ကြယ်တံဆိပ်ရယ် Vတံဆိပ်ရယ်၊ T တံဆိပ်ရယ်ဖြစ်ပြီးတော့ ပဲသွေးနမူနာတွေမှာ တံဆိပ်မပါပါဘူး။ ရန်ကုန်ကယူရောင်းတယ်လို့သိရှိရပါတယ်။ အဖြေရပြီး ဈေးထဲမှာရှိတဲ့ ပြဲပားတွေအကုန်သိမ်းဆည်းခဲ့ပါတယ်”ဟု ဒေါက်တာမျိုးထွန်းကျော်က မဇ္ဈိမသို့ပြောသည်။
ပဲပြားအတုံးပေါင်း ၇၀၀ကျော်သိမ်းဆည်းပြီး၊ ပဲသွေးနမူနာနှစ်မျိုးကိုလည်း ပူပေါင်းအဖွဲ့က ဈေးအတွင်းသွားရောက်သိမ်းဆည်းခဲ့သည်။ လုပ်ထုံးလုပ်နည်း နှင့် စီမံခန့်ခွဲမှုနည်းလမ်းအရ ဖော်မလင်အသုံးပြုထားသည့် စက်ရုံများမှ ပဲပြားကြိတ်စက်များကိုလည်း တစ်လပိတ်သိမ်းအရေးယူမည်ဟု သိရသည်။
"လူတွေကြားဖူးနေကျဖြစ်တဲ့အတိုင်း လူသေတွေမှာ မပုပ်မသိုးအောင်အများဆုံးသုံးကြပါတယ်၊ ဖော်မလင်ကို ရေရှည်စားသုံးမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာပြဿနာတွေအများဆုံးဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အစာအိမ်အူလမ်းကြောင်းရောဂါတွေ၊ အသည်းရောဂါတွေနောက်ဆုံးကင်ဆာအထိဖြစ်စေနိုင်ပါတယ်။ ဒါအပြင့်နောက်ဆုံး ကိုယ်ဝန်ဆောင်မိခင်တွေ ဖော်မလင်ကို နည်းနည်း ရေရှည်စားသုံးဖြစ်မယ်ဆိုရင် သူတို့မွေးလာမယ့်သန္ဓေသားတွေမှာ မွေးရာပါချို့ယွင်းချက်တွေအများကြီးဖြစ်စေပါတယ်”ဟု ဖော်မလင် စားသုံးလျှင်ဖြစ်နိုင်သည့် ဆိုးကျိုးများအား ဒေါက်တာမျိုးထွန်းကျော်က ရှင်းပြသည်။
ပုသိမ်မြို့၊ အောင်သီရီဈေးတွင်လည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့မှ စစ်ဆေးရာ ပဲသွေးများတွင် ဖော်မလင်ပါဝင်နေကြောင်း တွေ့ရှိရသည့်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက တာဝန်ရှိသူများပြောသည်။
ဖော်မလင်သည် အစားအသောက်၊ အသား/ငါး၊ သစ်သီး၊ နို့ထွက်ပစ္စည်းများ တာရှည်ခံစေရန် အသုံးပြုသော ဓာတုပစ္စည်းဖြစ်ပြီး CH₂O မှ ထုတ်လုပ်ထားသည်။ ၎င်းသည် အစားအသောက်ပစ္စည်းများကို ကြာရှည်လာပါက ပျက်စီးမှုကို တိုက်ဖျက်ပေးသော်လည်း လူများစားသုံးမိပါက လူ့ခန္ဓာကိုယ်တွင်းကို ဒုက္ခပေးနိုင်သည်ဟု သိရှိရသည်။ ဖော်မလင်သည် ကြည်လင်ပြီးအရောင်မရှိသောကြောင့် ခွဲခြားနိုင်ရန် ခက်ခဲသည်။