ရန်ကုန်ကို ပြောင်းရွေ့ခွင့်ပြုတဲ့ ဒုက္ခသည် ၅၅ အိမ်ထောင်စုဟာ ကမန်တိုင်းရင်းသားများသာ ဖြစ်ကြောင်း အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ်ဆို

ရန်ကုန်ကို ပြောင်းရွေ့ခွင့်ပြုတဲ့ ဒုက္ခသည် ၅၅ အိမ်ထောင်စုဟာ ကမန်တိုင်းရင်းသားများသာ ဖြစ်ကြောင်း အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ်ဆို
(ဓာတ်ပုံ- EPA)

ရန်ကုန်၊ ဇူလိုင် ၃ ။             ။ ရခိုင်ပြည်နယ်အတွင်းမှ ရန်ကုန်သို့ ပြောင်းရွေ့ခွင့်ပြုလိုက်သည့် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၅၅ စုမှာ ကမန်တိုင်းရင်းသားများဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် ရရှိပြီး သူများသာ ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ကမန် တိုင်းရင်းသားတွေပါ။ သူတို့က အရင်က နိုင်ငံသားကတ်တွေရထားတယ်။ သူတို့ရဲ့ သဘောဆန္ဒအရ တစ်ချို့က ရန်ကုန်သွားချင်တယ်လို့ပြောတယ်။ အဲ့တော့ အစိုးရက ရန်ကုန်ကိုသွားခွင့်ပြုတယ်၊ မှတ်ပုံတင်ရှိတဲ့ ကမန်တွေပါ" ဟု ဦးဇော်ဌေးကဆိုသည်။

ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းခဲ့ပြီး ယင်းဒုက္ခသည်စခန်းမှ အိမ်ထောင်စုပေါင်း ၅၅ စုကို ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ခွင့် ပြုခဲ့ကြောင်း ဇူလိုင် ၁ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၏ ရခိုင်ပြည်နယ် မြောက်ပိုင်းလုံခြုံရေးအခြအနေ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်နှင့်အညီ အဆိုပါ ဒုက္ခသည်စခန်း သုံးခုကို လုံးဝ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ဖြစ်သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးဘာသာရေးဆန်သည့် ပဋိပက္ခဖြစ်စဉ်တွေအပြီး ဖွင့်လှစ်ခဲ့သည့် ဒုက္ခသည် စခန်း ၃ ခုကို ၅ နှစ်နည်းပါး ကြာမြင့်သည့်နောက်ပိုင်း ပြန်လည်နေရာချထားပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly