သီပေါရဲစခန်း လက်လုပ်မိုင်းဖြင့် အပစ်ခံရ

သီပေါရဲစခန်း လက်လုပ်မိုင်းဖြင့် အပစ်ခံရ

ရန်ကုန်၊ ဇူလိုင် ၂ ။          ။ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်ရှိ သီပေါမြို့မရဲစခန်းကို ယနေ့နံနက် အစောပိုင်းက ဆိုင်ကယ်စီးလာသူတစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ကြောင်း သီပေါမြို့မရဲစခန်းမှ သိရသည်။

“ မြို့မရဲစခန်းကို ဒီ လက်ပစ်ဗုံးနဲ့ ပစ်သွားတာတစ်ခုတော့ ရှိပါတယ်ခင်ဗျ။ ဒီနေ့မနက် စောစောက ပစ်သွားတာ လမ်းကနေ ” ဟု သီပေါမြို့နယ် ရဲစခန်းမှူး ရဲမှူးမြင့်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ဇူလိုင်လ ၂ ရက်၊ နံနက် ၄နာရီကျော်ခန့်က လာရောက်ပစ်ပေါက်ခဲ့သည့် အဆိုပါ မိုင်းသည် ရဲစခန်းနှင့် အုတ်တံတိုင်းကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု သီပေါမြို့နယ် ရဲစခန်းမှူး ရဲမှူးမြင့်ဝင်းက ပြောသည်။

အလားတူ ယနေ့ ဇူလိုင်လ ၂ရက်၊ နံနက် ၆ နာရီခန့်က ကျောက်မဲမြို့ မန်တန်းကျေးရွာအနီး မီးရထားလမ်းမိုင်တိုင်အမှတ် (၄၇၆/၉) ၌ မိုင်းထောင် ဖျက်ဆီးခြင်းခံရမှုတစ်ခု   ဖြစ်ပွားခဲ့သေးကြောင်း   ကျောက်မဲမြို့နယ်မှူးရုံးမှ သိရသည်။

အဆိုပါမိုင်းကြောင့် ကျောက်မဲမှ နောင်ပိန်သွားမီးရထားသံလမ်း ဝဲကွန်ကရစ်ဇလီဖားတုန်းကွဲအက် မီးရထားသံလမ်းအပေါ်သို့ ၆ လက်မခန့်ကြွတက်သွားပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှုတစုံတရာမရှိကြောင်း သိရသည်။ သီပေါရဲစခန်းမှူးက ထိုကဲ့သို့ မိုင်းအပစ်ခံရခြင်းမျိုး ယခင်က မရှိခဲ့ဘူးဟု ပြောဆိုထားသည်။

ယနေ့ ဇူလိုင် ၂ ရက်နေ့ နံနက်တွင် ကျောက်မဲခရိုင်ရှိအတွင်း နှစ်ကြိမ်တိတိ မိုင်းပေါက်ကွဲခဲ့ခြင်းလည်း ဖြစ်ပြီး  မည်သည့် အဖွဲ့အစည်းမှ မိုင်းခွဲသည်ကို မသိရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly