The Voice သတင်းစာအယ်ဒီတာချုပ် အာမခံမှာ ထပ်မံပယ်ချခံရ

The Voice သတင်းစာအယ်ဒီတာချုပ် အာမခံမှာ ထပ်မံပယ်ချခံရ

ရန်ကုန် ၊ ဇွန် ၃၀ ။            ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တပ်မတော်က တရားစွဲဆိုခြင်းကို ခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ၏ အာမခံကို အကြောင်းပြချက် ခိုင်လုံခြင်းမရှိသော ကြောင့် ဗဟန်းမြို့နယ် တရားရုံးမှ လေးကြိမ်မြောက် ပယ်ချလိုက်သည်။

“မြန်မာပြည်တရားစီရင်ရေးက အားလုံးသိနေတာပါပဲ” ဟု ယနေ့ ဇွန်လ ၃၀ ရက်နေ့ ရုံးချိန်းတွင် ဦးကျော်မင်းဆွေက ပြောခဲ့သည်။

ယနေ့ ဇွန်လ ၃၀ ရက်နေ့ ရုံးချိန်းသို့ တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက လာရောက် စစ်ဆေးခံခဲ့ခြင်း မရှိသလို တရားခွင်လုံခြုံရေးအရ သတင်းမီဒီယာသမားများအားလည်း အကန့်အသတ်ဖြင့်သာ ဝင်ရောက် သတင်းရယူခဲ့ရသည်။

"အချက်နှစ်ချက်နဲ့ အကြောင်းပြပြီး ပယ်ပါတယ်၊ အထောက်အထားတွေ မပြည့်စုံဘူး၊ ဘယ် အထောက်အထားလဲ ဆိုတာကို တိတိကျကျ မညွှန်ပြဘူး။သက်သေတွေကို စုံလင်အောင် မစစ်ဆေးရသေးတဲ့အတွက် အာမခံမပေးဘူးလို့ အမိန့်ချပါတယ်" ဟု The Voice သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည့် ကျည်ထောင်စုသစ္စာ အမည်ရ သရော်စာဆောင်းပါးသည် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည် ဟုဆိုကာ The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၆ ရက် ၊ ဒုတိယအကြိမ် ရုံးထုတ်ချိန်တွင် ကျည်ထောင်စုသစ္စာ သရော်စာဆောင်းပါးကို ရေးသားသော ဗြိတိသျှ ကိုကိုမောင်ကို ပုံနှိပ်မီဒီယာတွင်သာ ရေးသားသောကြောင့် အမှုနှင့် သက်ဆိုင်မှုမရှိဟုဆိုသော ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မှတ်ချက်ဖြင့် တရားသေ လွှတ်ခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်လက်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly