အဖွဲ့ဝင် လျော့နည်းလာမှုအပေါ် အစိုးရဘက်မှ တွေ့ဆုံဆွးနွေးရေး ဂရုမစိုက်မည်ကို UNFC ဥက္ကဋ္ဌသစ် စိုးရိမ်

အဖွဲ့ဝင် လျော့နည်းလာမှုအပေါ် အစိုးရဘက်မှ တွေ့ဆုံဆွးနွေးရေး ဂရုမစိုက်မည်ကို UNFC ဥက္ကဋ္ဌသစ် စိုးရိမ်

ချင်းမိုင်၊ဇွန်လ ၂၉ ။            ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က အဖွဲ့ဝင်များ လျော့နည်းသွား သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း UNFC ဥက္ကဋ္ဌသစ် နိုင်ဟံသာက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၂၀ ရက်မှ ၂၉ ရက်ထိ ကျင်းပသော UNFC ၏ ဒုတိယ ညီလာခံနှင့် UNFC အဖွဲ့ဝင် မဟုတ်သော တိုင်းရင်းသား အင်အားစုတို့နှင့် အစည်းအဝေး ကျင်းပခဲ့ပြီး သတင်းထောက်များကို မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

UNFC အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အင်အားစု များကြားတွင် နီးစပ်မှု၊ နားလည်မှု အကောင်းဆုံးနှင့် စည်းလုံး ညီညွတ်မှု ပိုမိုရရှိရန်ကို အဓိကထား ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောဆိုခဲ့သည်။

သို့သော် UNFC အဖွဲ့ဝင် အင်အားလျော့နည်းသွားခြင်းကြောင့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် အလေး မထားလာမည်ကို စိုးရိမ်ကြောင်းနှင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံ ရလဒ်များကို ကျော်ဖြတ်ရန် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသည်ဟု နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုသည်။

လက်ရှိ အစိုးရနှင့် ဆွေးနွေးနေသော NCA လက်မှတ်ရေးထိုးနိုင်ရန်နှင့် လာမည့် ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်နိုင်ရန် UNFC တင်ပြထားသည့် အချက် ၉ ချက်ကို နားလည်မှု ရရှိရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပြီး NCA လက်မှတ် ရေးထိုးနိုင်ရေးသည် အစိုးရအပေါ် မူတည်ကြောင်း သူက ပြောဆိုခဲ့သည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးနေသော UNFC အဖွဲ့ဝင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေး ညှိနှိုင်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) ကိုလည်း   နောက်တစ်ကြိမ်ပြုလုပ်မည့် အစည်းအဝေးတွင် ကောင်စီဝင်များဖြင့် အသစ်ပြန်လည် ဖွဲ့စည်းမည် ဖြစ်ကြောင်း ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ် သဘောတွေ့ဆုံ ဆွေးနွေးပြီးနောက် ဇူလိုင်လဆန်းပိုင်းတွင် ရန်ကုန်မြို့တွင် တရားဝင် တွေဆုံရန် သဘောတူခဲ့သည်။

UNFC ၏ ညီလာခံ ထမပပိုင်းတွင် လာမည့် တတိယအကြိမ်သက်တမ်းအတွက် UNFC ဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်၊ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စပ်စေအွန်နှင့် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စောလမွန်၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်များအဖြစ် ဗိုလ်ချုပ် ဘီထူး၊ နိုင်အောင်မငေး၊ ဦးထွန်းဇော်နှင့် ဗိုလ်မှူးကြီး မင်းထွန်းတို့ကို ၉ ဦးပါဝင်သော ကောင်စီဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

နုတ်ထွက်စာတင်ထားသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအာင်းအမျိုးသားတပ်(PSLF//TNLA )နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်-ကိုးကန့် တပ်ဖွဲ့ (MNDAA)တို့ကိုလည်း UNFC အဖွဲ့ဝင်အဖြစ် နုတ်ထွက်ခွင့် ပြုလိုက်ပြီး ဆက်စပ် မဟာမိတ်အဖွဲ့အနေဖြင့် ထားရှိပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နုတ်ထွက်သွားသဖြင့် ကချင်အမျိုးသား အစည်းအရုံး (KNO)ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံခြင်း မရှိသလို၊ ချင်းအမျိုးသားတပ်ဦး (CNF)ကိုလည်း အဖွဲ့ဝင်အဖြစ် အဖွဲ့ဝင်အဖြစ် လက်ခံခြင်း မရှိသေးပေ။

ထို့ပြင် ဇိုမီး ပြည်လည်ပေါင်းစည်းရေး အစည်းအရုံး(ZRO)၊ ကူကီးအမျိုးသား အစည်းအရုံး(KNO)တို့ အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားခြင်းနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)တို့ ဆက်စပ်အဖွဲ့အစည်းနေဖြင့် လျှောက်ထားမှုကိုကိုလည်း UNFC ၏ သတ်မှတ်ထားသည့် အခြေခံ မူနှင့်ကိုက်ညီမှု မဖြစ်သေးသဖြင့် လက်ခံနိုင်ခြင်း မရှိသေးကြောင်း ခူဦးရယ်က သတင်းစာရင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

လက်ရှိ UNFC တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျုးိသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ လားဟူ ဒီမိုကရက်တစ် အဖွဲ့အစည်း (LDU) စသည့် အဖွဲ့အစည်း ၅ ဖွဲ့သာ ကျန်တော့သည်။

UNFC ၏ ပထမပိုင်းကျင်းပခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပခဲ့သော အစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များ တစ်စုံတစ်ရာ ချမှတ်မှတ်ခြင်း မရှိသော်လည်း လာမည့် သြဂုတ်လတွင် တိုင်းရင်းသား အင်းအားစု အဖွဲ့အစည်းများ အားလုံး ပါဝင်သော အစည်းအဝေး တစ်ရပ်ကို ကျင်းပ၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမည် ဖြစ်ကြောင်း အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

“အထူးသဖြင့် ဖက်ဒရယ် အခြေခံမူ၊ ဒါက အဓိကကျတာပေါ့နော်။ ကျွန်တော်တို့ အားလုံးက ဖက်ဒရယ် ပြည်ထောင်စုကို သွားကြဖို့ ခံယူထားကြ၊ သဘောတူထားကြတယ်ဆိုတော့ ဖယ်ဒရယ် အခြေခံ ရပ်တည်ချက်တွေကို ကျွန်တော်တို့ လိုချင်တာ ဖြစ်ပါတယ်။ ဒီဟာကို ဆွေးနွေးဖြစ် ကြတာလေ။ နောက်တစ်ခါ ဖက်ဒရယ် အခြေခံဥပဒေနဲ့ ပြည်နယ် အခြေခံ ဥပဒေကို ဘယ် အခြေခံ အပေါ်မှာ ရေးဆွဲကြ မလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးဖြစ်ကြတယ်။ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေ ကိုလည်း ဆွေးနွေးဖြစ်ကြတယ်။ ဒါကိုလည်း အတူတကွ ပြုစုရေးသားပြီးတော့ နောက်တစ်ကြိမ်ကျမှပဲရှေ့လုပ်ငန်းစဉ် အနေနဲ့ ချမှတ် နိုင်ဖို့ ရည်မှန်းထား တယ်”ဟု UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ သည်။

အစည်းအဝေးတွင် ၂၀၁၆ ခုနှစ် ဇူလိုင်လက မိုင်ဂျာယန်တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) မျက်နှာစုံညီ အစည်းအဝေးမှ ချမှတ်ခဲ့သော ပင်လုံ လက်စွဲ၊ ဖက်ဒရယ် အခြေခံ မူ၊ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒနှင့် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ဆိုင်ရာ လုပ်ငန်းများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ ညီလာခံ ရလဒ်များကို သုံးသပ်ခဲ့ပြီး အားနည်းနေခြင်း၊ ပျက်ကွက်နေခြင်းများ တွေ့ရသည်ဟု ဆိုသည်။

၂၁ ရာစုပင်လုံး ဒုတိယ ညီလာခံ ကျင်းပခြင်း ဖြစ်စဉ်တစ်လုံးလုံးကို တိုင်းရင်းသား အင်အားစုများအဖြင့် ယခုကဲ့သို့ သုံးသပ်ခြင်းအားဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုမိုအထောက်အကူဖြစ်စေသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဟာမိတ်အဖွဲ့ (UNA )အဖွဲ့ဝင်အဖြစ် တက်ရောက်နေသော စိုင်းကျော်ညွန့်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“ဒီမှာက ၂၁ ရာစုပင်လုံ ဖြစ်စဉ်တခုလုံးကို သုံးသပ်တသလိုဖြစ်တာပေါ့လေ။ ညီလာခံ အဆင့်ဆင့်အခင်းအကျင်းတွေ၊ သဘောတူညီမှု ရလဒ်က ဘယ်လိုရခဲ့တယ်ဆိုတဲ့ကိစ္စတွေကအစ ညီလာခံကျင်းပနေတဲ့ အချိန်မှာ မူဘောင်နဲ့ ကိုက်ညီမှု ရှိမရှိ အကုန်လုံး လွမ်းခြုံပြီးသုံးသပ်တာပေါ့လေ။ အထောက်အကူပြုတယ်လို့ ပြောရမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီညီလာခံကို မသုံးသပ်ဘူး ဆိုရင် အပြင်မှာလည်း ပညာရှင်တွေ သုံးသပ်ထားတာ ရှိပါတယ်။ ဒီအပေါ်မှာ အားနည်းချက်၊ အားသာချက်ကို အကုန်လုံးကို သုံးသပ်ရမှာဖြစ်တယ်။ သုံးသပ်ပြီးမှာသာလျှင် ဒီထက်ကောင်းအောင် ဘယ်လို သွားရမလဲဆိုတဲ့အဆင့်ကို ဆက်ပြီးတော့ ဆွေးနွေးရမှာဖြစ်တယ်ဟု သူက ပြောဆိုခဲ့သည်။

UNFC ၏ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၂၀ ရက် ၂၆ ရက်ထိ ပထမပိုင်း အစီအစဉ်နှင့် ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အထိ ဒုတိယ အစီအစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ရာ UNFC အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags