သဘင်နှင့်ရုပ်ရှင် အနုပညာရန်ပုံငွေပွဲတော်ကို မန္တလေးအမျိုးသားပြဇာတ်ရုံတွင် ကျင်းပမည်

သဘင်နှင့်ရုပ်ရှင် အနုပညာရန်ပုံငွေပွဲတော်ကို မန္တလေးအမျိုးသားပြဇာတ်ရုံတွင် ကျင်းပမည်
ဓာတ်ပုံ - ဘိုဘို မဇ္ဈိမ

မန္တလေး၊ ဇွန်လ ၂၄ ။                 ။ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး နှင့် သဘင်လူမှုကူညီစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ သဘင်-ရုပ်ရှင် အနုပညာရန်ပုံငွေပွဲတော်ကို မန္တလေးအမျိုးသားပြဇာတ်ရုံတွင် ဇူလိုင် ၁ ရက် နှင့် ၂ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲတွင် သရုပ်ဆောင် ဝေဠုကျော်က ဇာတ်သဘင် နှစ်ပါးကတွင် ပါဝင်မည်ဟု ဆိုသည်။

'' သဘင် သက်ကြီးရန်ပုံငွေ၊ သဘင် လူမှုရန်ပုံငွေပွဲကို တတ်နိုင်တဲ့ဖက်က ပါဝင်ဖြစ်ရာကနေ နှစ်ပါးကဖြစ်သွားတာပါ၊ အမှန်က လူရွှင်တော် ကဖို့ပါ စဉ်းစားမိပါတယ်၊ ကျွန်တော် အခုထိ အကကို သင်တုန်းပါ၊ တိုက်တုန်းအဆင့်မဟုတ်ပါဘူး၊ အခုမှ သင်နေတုန်းအခြေအနေပါ၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်၊ ပရိသတ်တွေအနေနဲ့ ကျွန်တော် ကတာ ကောင်းသည် မကောင်းသည်ဆိုတာထက် ရန်ပုံငွေအလှူငွေလေးဖြစ်တဲ့အတွက် ဝေဠုကျော်က တာ မကောင်းတာလေးကိုပဲ ကြည့်ရင် လှူဒါန်းဖြစ်သွားတယ်ဆိုရင်ပဲ ကုသိုလ်တစ်ခုရ ရှိသွားမှာဖြစ်တဲ့အတွက် လာရောက်အားပေးကြဖို့ မျှော်လင့်ပါတယ်၊ အကောင်းဆုံး ကြိုးစားတင်ဆက်သွားမှာပါ '' ဟု သရုပ်ဆောင် ဝေဠုကျော်က ပြောသည်။

သဘင်-ရုပ်ရှင် အနုပညာရန်ပုံငွေပွဲတော်တွင် ရုပ်ရှင်မင်းသား ကိုဝေဠုကျော်မှ နှစ်ပါးသွားကို ဇာတ်မင်းသားအဖြစ် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး သူထူးစံ၊ မင်းရာဇာ၊ ဖိုးချစ်၊ စွမ်း နှင့် အနုပညာရှင်မင်းသားများစွာမှ ဟာသလူရွှင်တော်အဖြစ် ကပြဖျော်ဖြေသွားမည်ဖြစ်သည်။

'' သဘင်အနုပညာရှင်တွေကို လူမှုကူညီရေးထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပမှာဖြစ်ပါတယ်၊ အရင်နှစ်က ကျပ်သိန်း(၃၀၀)နီးပါး ထောက်ပံ့နိုင်ခဲ့တယ်၊ သဘင်လူမှုစောင့်ရှောက်ရေးအသင်း သဘင်အနုပညာရှင်တွေအတွက် အတတ်နိုင်ဆုံး ကူညီပေးနေပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးစိန်မောင်းက ပြောသည်။

မန္တလေးသဘင် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့၊ ပရဟိတရွှေလက်များ၊ ဂီတကွန်ရက် ပရဟိတအသင်း၊ မြန်မာ့သဘင် အလှဆင်သူများ၊ လူရွှင်တော် ပရဟိတအသင်း တို့ ပူးပေါင်း၍ ကျင်းပမည်ဖြစ်ပြီး မင်းသမီး နန်းခင်မွှေး၊ မြတ်နုသွေး(ယဉ်ကျေးမှုတက္ကသိုလ်)တို့က ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

သဘင်-ရုပ်ရှင် အနုပညာရန်ပုံငွေပွဲတော်ကို ကြည့်ရှုအားပေးလိုသူများအတွက် တစ်ရက်စာကြည့်ရှုခွင့် လက်မှတ်တစ်စောင်ကို ကျပ်တစ်သောင်း၊ ကျပ်နှစ်သောင်း၊ ကျပ်သုံးသောင်းဖြင့်   ရောင်းချပေးထားပြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၄၂)လမ်း၊ (၈၁)လမ်း နှင့် (၈၂)လမ်းကြားရှိ လောကနတ်ခန်းမတွင် ဝယ်ယူရ ရှိနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly