မင်းသားကင်မ်ဝူးဘင်ထံတွင် ကင်ဆာရောဂါခံစားနေရကြောင်း သိရှိခဲ့အပြီးတွင် သူ၏ ချစ်သူ မင်းသမီး ရှင်မင်းအာက သူမသည် ကင်မ်ဝူးဘင် ဆေးကုသမှုခံယူနေစဉ်တစ်လျှောက်လုံး အနား၌ အားပေးကူညီ သွားမည်ဖြစ်ကြောင်း သူမ၏ အေဂျင်စီမှတဆင့် မကြာသေးခင်က ကြေညာခဲ့သည်။
ထိုအချိန်မှစ၍ ရှင်မင်းအာသည် ကင်မ်ဝူးဘင် ဆေးရုံသို့လာရောက်၍ ဓာတ်ရောင်ခြည်နှင့် ကင်ဆာကုသမှု ခံယူသည့်အချိန်တိုင်း ဘေးနားတွင် အတူရှိနေပေးသည်ကို မကြာခဏမြင်တွေ့ရသည်။
အတွင်းလူများက “လူအများအပြားဟာ ကင်မ်ဝူးဘင်ဆေးရုံကို ကင်ဆာကုသဖို့လာရောက်တဲ့ အချိန်တိုင်း ဘေးနားမှာ အမြဲရှိနေတဲ့ ရှင်မင်းအာအပေါ် အာရုံစိုက်ကြည့်ရှုနေကြပါတယ်။ ဆေးရုံက လူအများအပြားနဲ့ ပြည့်နေတာပါ။ ဒါပေမယ့် သူတို့စုံတွဲဟာ အလွန်ကိုကြည့်ကောင်းပြီး လိုက်ဖက်တာကြောင့် လူတွေက သူတို့ကို သတိထားမိကြတာပါ” ဟု ပြောခဲ့သည်။
ဒါ့အပြင် “ ဆေးရုံထဲမှာရှိတဲ့ လူတွေက သူတို့စုံတွဲကို ကူညီအားပေးခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့စုံတွဲ ဟာ တကယ့်ကို ခက်ခဲလွန်းတဲ့ စိတ်ညစ်စရာ အချိန်တွေမှာတောင် ပြုံးရွှင်နေတာကို မြင်တွေ့နေရလို့ပါ” ဟု အတွင်းလူတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။
ရှင်မင်းအာနှင့် ကင်မ်ဝူးဘင်တို့သည် Giordano အမှတ်တံဆိပ်အတွက် ဖက်ရှင်ကြော်ငြာများ ရိုက်ကူးနေစဉ် အတွင်း တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး လွန်ခဲ့သော ၂၀၁၅ခုနှစ်က ပရိသတ်များကို အသိပေးခဲ့ကာ တရားဝင်လက်တွဲခဲ့ကြသည်။
Ref: Soompi