စတားဇာတ်ကောင် ဟန်ဆိုလို၏ရုပ်ရှင်ကို ဒါရိုက်တာရွန်ဟောင်းဝပ် ရိုက်ကူးမည်

စတားဇာတ်ကောင် ဟန်ဆိုလို၏ရုပ်ရှင်ကို ဒါရိုက်တာရွန်ဟောင်းဝပ် ရိုက်ကူးမည်

နာမည်ကျော် စတားဝါးရုပ်ရှင်ဇာတ်ကားများထဲမှ ဇာတ်ကောင်ဟန်ဆိုလို၏ရုပ်ရှင်ကို ရိုက်ကူးနေသည့် ဒါရိုက်တာနှစ်ဦးသည် ရိုက်ကူးနေဆဲ ကာလအတွင်း နှုတ်ထွက်ခဲ့ကြသောကြောင့် ဒါရိုက်တာရွန်ဟောင်းဝပ်က သူတို့၏နေရာကို အစားဝင်ကာ ရိုက်ကူးသွားမည်ဖြစ်သည်။

ဒါရိုက်တာနှစ်ဦးဖြစ်သူ ဖီးလော့ဒ်နှင့် ခရစ္စတိုဖာမစ်လာတို့သည် မတူညီသော ဖန်တီးမှုအမြင်များကြောင့် နှုတ်ထွက်သွားခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူများက ပြောခဲ့သည်။

Lucasfilm ရုပ်ရှင်ထုတ်လုပ်ရေးမှ ဥက္ကဌဖြစ်သူ ကတ်သ်လင်းကနေဒီက ဒါရိုက်တာဟောင်းဝပ် ပူးပေါင်းလာမှု နှင့်ပက်သက်၍ စိတ်လှုပ်ရှားပြီး ပီတိဖြစ်ရကြောင်း ပြောခဲ့သည်။

လက်ရှိတွင် ဇာတ်ကားခေါင်းစဉ်မပေးရသေးသော စတားဝါးဇာတ်ကောင် ဟန်ဆိုလိုအကြောင်း ပုံဖော်ရိုက်ကူး မည့် ရုပ်ရှင်ကို ဇူလိုင် ၁၀ ရက်နေ့တွင် ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် ရုံတင်ပြသနိုင်ရန် စီစဉ်ထားသည်။ မင်းသား အဲလ်ဒန်အာရန်ရစ်ချ်က ဟန်ဆိုလိုအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

အော်စကာဆုရဒါရိုက်တာ ရွန်ဟောင်းဝပ်သည် The Da Vinci Code၊ Frost/Nixon၊ The Grinch၊ Rush နှင့် Inferno တို့ကဲ့သို့သော နာမည်ကျော်ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့သူဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags