ကုလအထူးသံတမန် အင်ဂျလီနာဂျိုလီ ကင်ညာသို့သွားရောက်ပြီး ဒုက္ခသည်မိန်းကလေးငယ်များနှင့် တွေ့ဆုံ

ကုလအထူးသံတမန် အင်ဂျလီနာဂျိုလီ ကင်ညာသို့သွားရောက်ပြီး ဒုက္ခသည်မိန်းကလေးငယ်များနှင့် တွေ့ဆုံ

ကုလသမဂ္ဂအထူးသံတမန် အင်ဂျလီနာဂျိုလီသည် အင်္ဂါနေ့ကကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်း အမှတ်အနေဖြင့် ကင်ညာနိုင်ငံသို့သွားရောက်ကာ ပဋိပက္ခများကြောင့် ထွက်ပြေးလာစဉ်အတွင်း မိတစ်ကွဲ၊ ဖတစ်ကွဲ ဖြစ်ခဲ့ရသည့် မိန်းကလေးငယ်လေးများနှင့် တွေ့ဆုံခဲ့သည်။

ဟောလိဝုဒ်နာမည်ကျော် မင်းသမီးဖြစ်သူသည် ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှ မိန်းကလေးငယ်လေးများ အနည်းဆုံး အယောက် ၂၀ခန့်ကို နေထိုင်စရာပေး၍ စောင့်ရှောက်ထားသော ဂေဟာသို့ သွားရောက်လည်ပတ် ခဲ့သည်။ ထိုမိန်းကလေးငယ်လေးများသည် ကွန်ဂို၊ တောင်ဆူဒန်၊ ဆိုမာလီယာ၊ ဘာရန်ဒီနှင့် ရဝမ်ဒါနိုင်ငံတို့မှ ပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့ကြသူများ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။

ထိုမိန်းကလေးငယ် အားလုံးနီးပါးသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခံစားခဲ့ရသူများဖြစ်ကြပြီး မုဒိမ်းကျင့်ခံခဲ့ရသောကြောင့် ကိုယ်ဝန်လွယ်ခဲ့ရသူများ၊ မီးဖွားခဲ့ရသူများ ဖြစ်ကြသည်။

“ယူနီဖောင်းဝတ်ထားပြီး ဒီလိုမျိုးကိစ္စတွေကို ကာကွယ်ပါ့မယ်လို့ သစ္စာပြု ကျိန်ဆိုထားတဲ့ သူတွေကိုယ်တိုင်က ကျူးလွန်လိုက်တဲ့အခါမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကဏ္ဍဟာ ပိုမိုဆိုးရွားလာပါတယ်” ဟု ဂျိုလီက ပြောခဲ့သည်။

“ဒါကြောင့်မို့ အာဏာရှိတဲ့သူတွေကိုယ်တိုင် ဦးဆောင်ပြီး အမှားတွေကို အမှန်ပြင်ဖို့ တာဝန်ရှိပါတယ်” ဟု သူမ က ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အဆိုအရ ကင်ညာနိုင်ငံသည် ဒုက္ခသည်ပေါင်း ၄၉၁၀၀၀ ခန့်ကို လက်ခံစောင့်ရှောက်ထား ပြီး ထိုထဲမှ ၁၀၁၇၁၃ ယောက်သည် ကမ္ဘာပေါ်တွင် ဒုက္ခသည်အရေးကိစ္စ လျင်မြန်စွာ ကြီးထွားလာသော တောင်ဆူဒန်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly