ဧရာဝတီတိုင်းတွင် ၂၀၁၇မိုးဦးစ၌ပင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၀၀ကျော်ရှိပြီဖြစ်ကာ ၉ဦးသေဆုံး

ဧရာဝတီတိုင်းတွင် ၂၀၁၇မိုးဦးစ၌ပင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၀၀ကျော်ရှိပြီဖြစ်ကာ ၉ဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးငယ် ၆၀၀ ကျော် တက်ရောက်ကုသမှုခံယူနေကြောင်း ဧရာဝတီတိုင်းဒေသကြီး   ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမြတ်မင်းထွန်းက မဇ္ဈိမသို့ပြောသည်။

"ကာကွယ်နှိမ်နင်းရေးဆောင်ရွက်တဲ့အခါမှာ ပြည်သူပါဝင်ဖို့လိုပါတယ်။ ကျွန်တော် အနေနဲ့ပြောချင်တာက ကိုယ်အိမ်မှာရှိတဲ့ ကလေးသူငယ်တွေ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးဖို့ဆိုရင် မိမိအိမ်မှာ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်မယ့် ခြင် ဖြစ်လာနိုင်တဲ့ ပိုးလောက်လန်ဘဝမှာတင် နှိမ်နင်းဖို့လိုပါတယ်။ မိမိအိမ်မှာ ပိုးလောက်လန်မရှိအောင်လုပ်ပါ” ဟု ပြည်သူများအား ပြည်သူ့ကျန်းမာဦးစီးဌာန၏ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာမြတ်မင်းထွန်းက တိုက်တွန်းပြောကြားလိုက်သည်။

၂၀၁၅ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် ကလေး ၆၄၂၃ဦးမှာ ဆေးကုသမှုခံယူရပြီး၊ ၂၀၁၆ခုနှစ်တွင် ၈၄၃ ဦး ဖြစ်ပွားခဲ့သည်။ ယခု ၂၀၁၇ ခုနှစ်တွင် မိုးဦးစ၌ပင် သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ၆၁၁ဦး ရှိပြီဖြစ်သည်။

"ဒီနှစ်က ၆၁၁ဖြစ်သွားပြီးဆိုတော့ ၂၀၁၅ကို မမှီရင်တောင် ၂၀၁၃၊၂၀၁၄မှာ နှစ်ထောင်ကျော်ဖြစ်ခဲ့တယ်။ အခုအချိန်မှ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို အားထည့်ပြီးဆောင်ရွက်ခြင်း မရှိဘူးဆိုရင်
ဒါ့ထပ်ပိုများမှာ ကြောက်ပါတယ်။ သေတာလည်းပိုများပါမယ်။ ယခုအထိ သေဆုံးသူကိုးဦးရှိပါတယ်" ၎င်းကဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ကျေးလက်ဒေသတွင် ဖြစ်ပွားမှုများပြီး ဖြစ်ပွားနှုန်းပိုများပြီး ဧရာဝတီတိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်သူ ၆၀၀ကျော်တွင် ကျေးလက်ဒေသနေပြည်သူ ၄၅၁ဦးရှိပြီး ထိုအထဲမှ ၈ဦးမှာ သေဆုံးခဲ့သည်ဟု သိရသည်။ မြို့ပေါ်နေသူများတွင် ၁၆၀ဦး ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံးတိုင်းမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်တွင် အဖြစ်များခဲ့ပြီး ၂၀၁၅ခုနှစ်တွင်မူ ဧရာဝတီတိုင်းဒေသကြီးအတွင်း မအူပင်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ပုသိမ်မြု့နယ် နှင့် လပွတ္တာမြို့များတွင် အဖြစ်များခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှအပ ကျန်၂၅မြို့နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly