ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်ရွယ်တဲ့ " 72 (2017) "

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ရည်ရွယ်တဲ့ " 72 (2017) "

ဇွန်လ ၁၃ ။           ။ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး အဆိုတော်ဆောင်းဦးလှိုင်က သီချင်းတစ်ပုဒ် လူမှုကွန်ယက်ပေါ် တင်ခဲ့ပါတယ်။

သူကိုယ်တိုင် ရေး၊ ဆို၊ တီး၊ အသံဖမ်းထားတဲ့ " 72 (2017) " သီချင်းကို ဇွန်လ ၁၃ ရက် မနက်အစောပိုင်းက တင်ထားခဲ့တာဖြစ်ပြီး “ အမေလျှောက်ရတဲ့ ခြေတစ်လှမ်းတိုင်း အန္တရာယ်ကင်းဝေးပါစေ အမေ ” “ကျန်းမာရွှင်လန်းပါစေ အသက်ရှည်အနာမဲ့ပါစေ ဆုတောင်းပေးလျက်ပါ အမေ ၊ အဝေးရောက် သားမောင်လေ ” ဆိုတဲ့သီချင်းစာသားတွေ ပါဝင်ပါတယ်။

ကိုယ်တိုင်ရေး၊ ဆို၊ တီးဖန်တီးထားတဲ့ ဆောင်းဦးလှိုင်ဟာ လက်ရှိမှာ ပြည်ပနိုင်ငံတစ်ခုမှာနေထိုင်ရင်း သူ ဖန်တီးထုတ်လုပ်လိုက်တဲ့ ငြိမ်းချမ်းရေးကျည်ဆန်လို သီချင်းတွေဟာလည်း ပရိသတ်ရင်ထဲ ရောက်ခဲ့ပြီး သူ့အနုပညာတွေကို လူမှုကွန်ယက်ကနေတဆင့် အခမဲ့ ဖြန့်ဝေနေတာပါ။

“ အရည်အချင်းရှိသော်လည်း စိတ်ရင်းမကောင်း၊ စိတ်ရင်းကောင်းသော်လည်း အရည်အချင်းမရှိသူများနဲ့ လုံးချာလည်နေမှာကိုတော့ စိုးရိမ်ပါတယ်ခင်ဗျာ။ ဘာတွေပဲရှိရှိ ကျွန်တော်အသက်ရှင်တုန်း အချိန်လေး အမေလည်း ရှင်သန်လှုပ်ရှားနေဆဲ အချိန်မှာ ကျွန်တော်ပေးနိုင်တဲ့ မွေးနေ့လက်ဆောင်ဖန်တီးပေးလိုက်ပါတယ်” လို့ ဆောင်းဦးလှိုင်က ဒေါ်အောင်ဆန်းစုကြည်သို့ ရည်ညွှန်းပြီး မွေးနေ့ဆုတောင်းစကား ဆိုခဲ့ပါတယ်။

ဒီသီချင်းကို လွတ်လပ်စွာ မျှဝေကြည့်ရှုနိုင်တယ်လို့ ပြောထားတဲ့ " 72 (2017) "  သီချင်းမှာ “မေတ္တာတရားအကြောင်း နားမလည်တဲ့၊ ဟန်ဆောင်ကောင်းတဲ့ သူတို့တွေနဲ့ ၊ အမေလျှောက်ရတဲ့ ခြေလှမ်းတိုင်း၊ အန္တရာယ်ကင်းဝေးပါစေ အမေ ” ဆိုတဲ့စာသားတွေက ပရိသတ်ရင်ထဲ ထိရှစေမှာပါ။

အများစုက ဆင်းရဲတွင်းနက်နေဆဲပါအမေ။ တိုးတက်လာမယ့်နေ့ကို စိတ်ရှည်ရှည်ထား စောင့်ဆိုင်းနိုင်တဲ့လူတွေရှိကြသလို ဝိုင်းကူနေကြတာလည်းအများအပြားပါလို့ ဆောင်းဦးလှိုင်က သီချင်းနဲ့ အတူ သူ့စကားသံတွေကို လူမှုကွန်ယက်ကတဆင့် ပရိသတ်တွေဆီ ပို့ပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly