လှည်းကူးရှိ ကျူးကျော်အိမ်များ ဖျက်သိမ်းခံရ

လှည်းကူးရှိ ကျူးကျော်အိမ်များ ဖျက်သိမ်းခံရ
ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန် ဇွန် ၁၂ ။                           ။ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်း၃ မိုင် ၁ဖာလုံတွင် ကျူးကျော်နေထိုင်ကြသည့် အိမ်များကို ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖျက်သိမ်းခဲ့သည်။

အဆိုပါကျူးကျော်တဲများအား ဖျက်သိမ်းသည့် ရဲတပ်ဖွဲ့အင်အား ၁၀၀ ဝန်းကျင်ခန့် အရပ်သား အလုပ်သမားများ စုစုပေါင်း ၂၀၀၀ ဝန်းကျင်ခန့် ရှိခဲ့သည်။

အဆိုပါ အမြန်လမ်း ၃မိုင် ၁ဖာလုံတွင် ကျူးကျော်အိမ်ပေါင်း ၄၀၀၀ခန့်ရှိပြီး ဇွန်လ ၁၂ရက်တွင် အိမ်ခြေ ၁၀၀ကျော်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးရဲဝန်ထမ်းများ၏ ပြောပြချက်အရ ထိုနေရာရှိ ကျူးကျော်တဲအားလုံးကို နှစ်လခန့်အတွင်း ဖျက်သိမ်းမည်ဟု သိရသည်။ 

အဆိုပါ နေရာရှိ မြေဧရိယာ ၁၄၅၃ ဒဿ မ ၇၂ ဧကတွင်စီမံကိန်းတစ်ခု ဖော်ဆောင်ရန်ရှိနေပြီး ယင်းစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ပုဂ္ဂလိက ကုမ္ပဏီပူးပေါင်းပြီး   ဆောင်ရွက်မည်ဖြစ်ကြောင်း   ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ဆိုသည်။

"ဒါ အစိုးရပိုင်မြေပါ သူတို့က စီးပွားဖြစ် ကျူးကျော်တွေပါ" ဟု ဦးယုခိုင်ကဆိုသည်။

တဲများကို ဖျက်သိမ်းနေစဉ်အတွင်း ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်အော်ဟစ်ပြောဆိုမှုများရှိနေခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များဘက်မှ ဥပဒေနှင့်အညီ   ဆောင်ရွက်သွားမည်ဟု   ပြောဆိုနေခဲ့သည်။

အဆိုပါနေရာ၌ နေထိုင်သူ ဦးခိုင်ဇော်ကမူ "ကျူးကျော်တွေလို့ သတ်မှတ်လို့မရပါဘူး။ ကျူးကျော်တယ်ဆိုတာစည်ပင်နယ်နိမိတ်အတွင်းပဲ ပြောလို့ရတာပါ။ ဒါကနယ်နိမိတ်ပြင်ပပါ။   မြေလွတ်မြေရိုင်းတွေပါ"ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly