ဆောင်ရွက်ခဲ့တဲ့အလုပ်အားလုံးအပေါ် ကျေနပ်မှုရှိဟု ရန်ကုန်ဝန်ကြီးချုပ်ဆို

ဆောင်ရွက်ခဲ့တဲ့အလုပ်အားလုံးအပေါ် ကျေနပ်မှုရှိဟု ရန်ကုန်ဝန်ကြီးချုပ်ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၉ ။           ။ အစိုးရသက်တမ်း တစ်နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအားလုံးအပေါ် ကျေနပ်မှုရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုမင်းသိန်းက ပြောဆိုလိုက်သည်။

"ကျွန်တော်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတိုင်းပေါ်မှာ ကျေနပ်ပါတယ်။ အောင်မြင်မှုရလဒ်တွေအပေါ်မှာ ပြောရမယ်ဆိုရင် လက်ငင်းမှာ တစ်ချို့အခြေအနေတွေကို မြင်တွေ့မှာ မဟုတ်ပါဘူး။အခုရေတွင်းတူး အခုရေကြည်သောက်ခွင့်ရလိမ့်မယ် ဆိုတဲ့ အခွင့်အလမ်းမျိုးကို လုပ်ငန်းစဉ်မျိုးကမှ လွယ်လွယ်မရနိုင်ပါဘူး" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း၌ ပြုလုပ်သည့် အစိုးရအဖွဲ့ ၁ နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အများပြည်သူသယ်ယူ ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကမ်းနားလမ်းညဈေးတန်း၊ အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည့်တိုင် သူ့အနေဖြင့် လုပ်ငန်းများအပေါ် ကျေနပ်အားရမှု ရှိနေသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဆောင်ရွက်တဲ့ကိစ္စတိုင်းဟာ လူထုကို ဗဟိုပြုနိုင်ဖို့လိုပါတယ်။ ပြည်သူလူထုတိုင်းအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတိုင်းမှာ မှတ်ကျောက်တင်ခံနိုင်ဖို့လိုပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ရန်ကုန်မြို့အတွင်း ရေကြီးရေလျှံ ပြသနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်းပေါင်း ၁၂၅သန်း ကူညီထားပြီးဖြစ်ခြင်းကြောင့် လာမည့်နှစ်ဘတ်ဂျက်တွင် ဒေါ်လာသန်း ၁၀၀ သုံးစွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly