၃၂ လမ်းနောက်ဖေးလမ်းကြားကို အလှဆင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းမည်

၃၂ လမ်းနောက်ဖေးလမ်းကြားကို အလှဆင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းမည်

ရန်ကုန်၊ ဇွန် ၉ ။            ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အမီ ဖွင့်လှစ်ဖို့လုပ်ဆောင်ထားတဲ့ အမှိုက်ကင်းစင်ရေးရည်ရွယ်တဲ့ နောက်ဖေးလမ်းကြားဥယျာဉ်ငယ်ကို ရာသီဥတုအခြေနေတွေနဲ့ အခက်အခဲတချို့ကြောင့် ဇွန်လကုန်မှာ ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ပန်းပဲတန်းမြို့နယ် ၃၁ လမ်းနှင့် ၃၂ လမ်း အလယ်ဘလောက်က နောက်ဖေးလမ်းကြားတစ်ခု ကို အလှဆင်တဲ့ပြင်ဆင်မှုတွေ စလုပ်နေပြီး ရေရည်တည်တံအောင် ထိန်းသိမ်းသွားမယ်လို့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးသန်းနိုင်ဦးက ပြောပါတယ်။

ဒီ ၃၂ နောက်ဖေးလမ်းကြားမှာ အလှဆင်ဖို့ကို ပြင်ဆင်နေတာ ၂၄ ရက်လောက်ရှိပြီလို့ သိရပါတယ်။

" ဒီဟာက နောက်ဖေးလမ်းကြားကို အမှိုက်မပစ်အောင်လုပ်တာ တကယ့်ကို အပန်းဖြေရအောင်တော့ လိုပါသေးတယ်။ ရေရှည်ပေါ့ အစ်ကိုတို့ကတော့ တာဝန်ယူနေတဲ့ သက်တမ်းကာလ အခုဆို ၄ နှစ် ကျန်နေသေးတယ်။ ၄ နှစ်မှာတော့ ဒါကို ထိန်းသိမ်းဖို့တော့တာဝန်ယူတယ် ။ အဲဒါက လူထုကိုစည်းရုံးပြီးတော့ ဆွဲဆောင်တဲ့အနေနဲ့ပဲသွားမှာ " လို့ ဦးသန်းနိုင်ဦးက ပြောပါတယ်။

နောက်ဘေးလမ်းကြား အလှဆင်ဖို့လုပ်ငန်းအတွက် ကုန်ကျစရိတ်ကို တို့အိမ်အဖွဲ့က ၈၀ ရာခိုင်နှုန်းနဲ့ လမ်းနေပြည်သူ၊ ရပ်မိရပ်ဖတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ၂၀ ရာခိုင်နှုန်း စိုက်ထုတ်ထားပြီး ရန်ကုန် မြို့တော်စည်ပင်အနေနဲ့လည်း ပါဝင်လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

၃၁လမ်းနှင့် ၃၂ လမ်း အလယ်ဘလောက် နောက်ဘေးလမ်းကြားမှာ အလှသစ်ပင် ၁၄၅ ပင် စိုက်ပျိုးထားပြီးတော့ ဇွန်လကုန်မှာ ဖွင့်လှစ် ဖို့ပြင်ဆင်နေပါတယ်။  ဒီလို နောက်ဖေးလမ်းကြားမှာ အလှဆင်ဖို့လုပ်ကိုင်ရာမှာ ရာသီဥတုကြောင့် ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။

မေလပိုင်းက ၃၉လမ်း ၂၇ လမ်း နောက်ဖေးလမ်းကြားတွေကို ဒို့အိမ်အဖွဲ့နဲ့ စည်ပင် ရပ်ကွက်နေပြည်သူတွေပေါင်းပြီး အလှဆင်ခဲ့ဖူးပါတယ်။

ဒို့အိမ်အဖွဲ့ကတော့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေဖြစ်တဲ့ ပန်းပဲတန်း၊ လသာနဲ့ ကျောက်တံတားမြို့နယ်တွေက နောက်ဘေးလမ်းကြားတချို့မှာ ဥယာဉ်ငယ်တွေပြုလုပ်ပြီး အလှဆင်နေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။

နောက်ဖေးလမ်းကြားတွေနဲ့ ရေမြောင်းများတွေမှာ ပိတ်ဆို့နေတဲ့ အမှိုက်တွေကို စီမံချက်ရေးဆွဲ ဖြေရှင်းပေးဖို့ တိုင်းဒေသကြီးအစိုးရ အားတိုက်တွန်းကြောင်းအဆိုကို ၂၀၁၆ မေ ၁၈ ရက်က စမ်းချောင်းမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က အဆိုတင်သွင်းခဲ့ဖူးပါတယ်။

ဒါပေမယ့် ၂၀၁၇ မေလပိုင်းမှာ မိုးကြီးတာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ လမ်းတချို့ ကားတွေသွားမရအောင်ရေတွေ နစ်မြှုပ်ကုန်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly