ကြွက်ဝမ်းဖြူများတွေ့ခြင်းသည် သဘာဝဘေးအန္တရာယ်မဟုတ်ဟု ဆို

ကြွက်ဝမ်းဖြူများတွေ့ခြင်းသည် သဘာဝဘေးအန္တရာယ်မဟုတ်ဟု ဆို
ဓာတ်ပုံ-MOI

ပုသိမ်၊ ဇွန်လ ၈ ။               ။ ငပုတောမြို့နယ်၊ ဇီးချိုင်ကျေးရွာဘက် တွေ့ရှိရသည့် ကြွက်ဝမ်းဖြူများသည် သဘာ၀ ဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ အစာရှာထွက်လာခြင်းဖြစ်ကြောင်း   ကြွက်ဂေဟပညာရှင် ဒေါက်တာညိုမီထွေးက မဇ္ဈိမသို့ပြောသည်။

ဝါးပန်းပွင့်ပြီး ကြွက်ပေါက်ဖွားနှုန်းမြင့်များခြင်းကြောင့် အစာရှာထွက်လာခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“ တွေ့ရှိတဲ့ကြွက်တွေ ဗိုက်တွေခွဲကြည့်လိုက်တော့ အရွက်စိမ်းတွေ တွေ့ရတယ်၊သူတို့ အစိမ်းရောင်အစားတွေ စားပြီး နေနိုင်တယ်။ ကြွက်တွေ ပေါက်ဖွားနှုန်းလည်း ကျသွားမှာပါ၊ ဝါးပန်းပွင့်ပြီး   ကြွက်တွေစားလိုက်လို့ အကောင်ရေများသွားတယ်။ သူတို့အစားရှာဖို့ ထွက်ရှာတာပါ၊ ဝါးပွင့်ပြီး မရှိ ရှိတာကို ထွက်ရှာစားရတာပါ။  ကြွက်တွေမှာ ပလိပ်ရောဂါတော့ မတွေ့ရဘူး”ဟု   ကြွက်များပေါက်ဖွားနှုန်းများခြင်းနှင့် အစားရှာခြင်းကြောင့်တွေ့ရကြောင်းကို ကြွက်ဂေဟပညာရှင် ဒေါက်တာညိုမီထွေးက ပြောသည်။

ရေကြီးမှုကြောင့် ကြွက်များ ထွက်ပြေးခြင်းမျိုးအား ရေကြီးခါနီးရင် သိပ္ပံနည်းအရ ရှာမတွေ့ပါကြောင်း ၎င်းက ဆက်လက်ပြောသည်။

"သဘာဘေးအန္တရာယ်နိမိတ်ရှေ့ပြေးပြီးပေါ်လာတယ်၊ပင်လယ်ထဲကအစုအလိုက်အပြုံလိုက်တက်လာတယ် စသည့်ဖြင့်ကောလဟလတွေ ၊ နောက်ဧရာဝတီတိုင်းတစ်တိုင်းလုံး ကြွက်ကောင်ရေ အမြောက်အများဝင်လာပြီးတော့ သီးနှံခင်းတွေဖျက်ဆီးခံရတယ် ။ စသည့်ဖြင့်ပေါ့ ။ ဒီလိုလေးတွေကြားရပါတယ် ။ ဒါကိုပြန်လည်ဖြေရှင်းချင်တာတော့ သဘာဝဘေးအန္တရာယ်တစ်ခု၊ နမိတ်ကြောင့် ကြွက်တွေ ထွက်လာတာ မဟုတ်ပါဘူး ။ ဝါးသီးတဲ့အချိန်တိုက်ဆိုင်ပြီး အစားရေစာမလုံလောက်လို့ ထွက်လာတာဖြစ်ပါတယ်။ ပင်လယ်ထဲက တက်လာတာမဟုတ်ပါဘူး။ သူတို့အစားရှာပါတယ် ။ ပင်လယ်အကြွင်းအကျန်တို့ လိုက်လံပြီးစားပါတယ် ။ လှိုင်းကဆွဲချပြီး ပင်လယ်ထဲက ပြန်ကူးတက်လာတာပါ ၊သဘာဝရာသီဥတု အန္တရာယ်ကြုံလို့ တိရစ္ဆာန် တွေလှုပ်ရှားဖြစ်ရင် ကြွက်တခုထဖြစ်မှာမဟုတ်ပါဘူး ကြွက်တစ်ခုတည်း လှုပ်ရှားမှုတွေ့ရတဲ့အတွက် သဘာဝဘေးအန္တရာယ်ကျရောက်မဲ့အနေအထားမဟုတ်ပါဘူး”ဟု တိုင်းစိုက်ပျိုးရေးတာဝန်ခံ ဦးထွန်းအောင်ကျော်က ရှင်းလင်းပြောသည်။

ဧရာဝတီတိုင်းတွင် ကြွက် ကောင်ရေ တစ်သောင်းကျော်ခန့် ရွာများ၊ ဒေသများထဲသို့ ဝင်ရောက်လာခြင်း ဖြစ်ပြီး ကြွက်မှ လူကို ကူးစက်နိုင်တဲ့ရောဂါပိုး ၆၀ကျော်ရှိကာ ပလိပ်ရောဂါ၊ သန်းကောင်နှင့် ကြွက်သေးပန်းရောဂါတို့ ဖြစ်သည်။

“ရွာက လှမ်းဖုန်းဆက်တယ် ။ ရွာတွေထဲကို ကြွက်တွေ တစ်သောင်းကျော်လောက် ဝင်တယ်ဆိုပြီး၊ ကြွက်တွေကို ရိုက်တဲ့သူက ရိုက် ၊ ချွန်နဲ့ထိုးတဲ့သူက ထိုးပြီး မြေတူးပြီး မြုပ်ထားတဲ့ပေါ့ ၊မြို့နယ် အုပ်ချုပ်ရေးပိုင်းက တိုင်းဒေသကြီးအစိုးရကို ကြေးနန်းပို့ထားတယ်လို့သိရတယ်၊ကျန်းမာရေးဦးစီးဌာန ကြွက်သေ သုံးကောင်ကို တိုင်းပြည်သူကျန်းမာရေးဦးစီးဌာနကိုပို့ထားတယ် ”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဖိုးဇော်ရွှေက မဇ္ဈိမသို့ ပြောသည်။

ကြွက်များအစုအလိုက်အပြုံလိုက် ၂၀၁၄ခုနှစ်တွင် ပုသိမ်မြို့နယ် ရှောပြာကျေးရွာတွင် ကြွက်ပလောင်များ အများအပြား ကျေးရွာထဲသို့ ဝင်ရောက်ခဲ့မှုဖြစ်ပွားခဲ့ပြီး၊ယခု ငပုတောမြို့နယ်ဘက်တွင်တွေ့ရှိရသည့် ကြွက်များမှာ ကြွက်ဝမ်းဖြူအမျိုးအစားဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly