လေယာဉ်ပျက်ကျနေရာမှ အလောင်း ဆယ်လောင်းတွေ့ရှိထား

လေယာဉ်ပျက်ကျနေရာမှ အလောင်း ဆယ်လောင်းတွေ့ရှိထား
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန် ၊ ဇွန် ၈ ။          ။ ပျောက်ဆုံးနေသည့် တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 မှ အလောင်း ဆယ်လောင်းကို လတ်တလော ရရှိထားပြီး ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၈ ရက် ၊ နံနက် ၈ နာရီ ၁၈ မိနစ်တွင် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းအချို့နှင့် ရုပ်အလောင်းအချို့အား ကျောက်နီမော် ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်း စတင်ရှာဖွေနေပြီး အဆိုပါ နေရာမှ လေယာဉ်ဘီးဟုယူဆရသည့် တာယာကွင်းတစ် ခု၊ အမျိုးသားရုပ်အလောင်းတစ်လောင်း၊ အမျိုးသမီးရုပ်အလောင်းတစ်လောင်း၊ ကလေး ရုပ်အလောင်းတစ်လောင်းနှင့် အသက်ကယ်အင်္ကျ ီ ၂ ထည်၊ အဝတ်အစားထည့်သည့် အိတ်အချို့အား ဆယ်ယူရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ထို့ကြောင့် မနက်ပိုင်းတွင် အလောင်း ၃ လောင်းဆယ်ယူရရှိခဲ့သည်။

နံနက် ၁၁ နာရီခန့်တွင်  ဒေသခံငါးဖမ်းစက်လှေများကလည်း ရုပ် အလောင်း ၇ လောင်း ကို ဆယ်ယူရရှိပြီး တပ်မတော်စစ်ရေယာဉ်များထံသို့ လာရောက်ပို့ဆောင် ပေးခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီးရုပ် အလောင်း ၅ လောင်းနှင့် ကလေးရုပ်အလောင်း ၄ လောင်း စုစုပေါင်း ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိခဲ့သည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံများနှင့်အတူ ပူးပေါင်းကာ ဆက်လက်ရှာဖွေ လုပ်ဆောင်လျက်ရှိ သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်တွင် ကလေးငယ် ၁၅ ဦးအပါအဝင် ခရီးသည် စုစုပေါင်း ၁၀၈ ဦး လိုက်ပါလာခြင်းဖြစ်သည်။ ထို့ပြင် လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါလာသည်။

ဖြစ်စဉ်မှာ ဇွန် ၇ ရက်တွင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀) သည် စစ်သည်/မိသားစု ၁၀၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ကုန်တန်ချိန် ၂.၄ တန်ခန့်သယ်ဆောင်၍ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာပံျသန်းခဲ့သည်။

အဆိုပါလေယာဉ်သည် အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၁၉၅ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly