ကြွက်များအစုလိုက်အပြံုလိုက် ရောက်လာခြင်းက အစာရေစာပြတ်လပ်မှုကြောင့်ဟု ခရိုင်စိုက်ပျိုးရေးဦးစီးမှူးပြော

ကြွက်များအစုလိုက်အပြံုလိုက် ရောက်လာခြင်းက အစာရေစာပြတ်လပ်မှုကြောင့်ဟု ခရိုင်စိုက်ပျိုးရေးဦးစီးမှူးပြော
(ဓာတ်ပုံ- MOI)

ငပုတောမြို့နယ်၊ ဇီးချိုင်ကျေးရွာသို့ ကြွက်များ ထောင်နှင့်ချီ ရောက်ရှိလာမှုမှာ ပေါက်ဖွားနှုန်းများပြီး အစာရေစာ ပြတ်လပ်၍ ရောက်ရှိခြင်းဖြစ်နိုင်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးဦးစိန်မောင်မြင့်က သုံးသပ်သည်။

"မြေပြင်ဆင်းစစ်တဲ့ အနေအထားက ရွာတွေမှာ လွန်ခဲ့တဲ့ ငါးလလောက်က ဝါးသီးခဲ့တယ်။ ကြွက်တွေက ဝါးသီးကိုစားလိုက်တော့ သူတို့ပေါက်ဖွားနှုန်းက နှစ်ဆလောက်အထိဖြစ်ပြီး   ကောင်ရေတွေတိုးလာပြီး အစားမလောက်တော့ဘူး။ အရွယ်ရောက်ကြွက်ထီးတွေက ခေါင်းဆောင်ပြီးအစားရှာဖို့ ထွက်လို့ ဘေးရွာတွေရောက်လာတာပါ” ဟု ပုသိမ်ခရိုင်စိုက်ပျိုးရေးမှ ခရိုင်ဦးစီးမှူးဦးစိန်မောင်မြင့်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ကြွက်သေအချို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဓာတ်ခွဲခန်းတွင် ပို့ဆောင်ကာ စစ်ဆေးလျက်ရှိသည်။

လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကမူ "ပညာရှင်တွေပြောပါတယ်။ အစားရေစာပြတ်လတ်မှုဖြစ်နိုင်တဲ့ပေါ့၊ တိတိကျကျသိနိုင်ဖို ကိစ္စမှာ ကြွက်ကို ဖမ်းစစ်ဆေးဖို့လိုပါတဲ့ စစ်ဆေးတဲ့အခါမှာ ကြွက်ဗိုက်ထဲမှာ ဘာရှိလဲပေါ့။ အစာရေစာပြတ်လတ်တာလား။ ဓာတ်ခွဲစမ်းသပ်တဲ့အဖြေက တရားဝင်ထွက်မလာသေးပါဘူး”ဟု ပြောသည်။

ကြွက်များအစုလိုက် အပြုံလိုက်ထွက်လာခြင်းအတွက် ဒေသခံများက ရောဂါပိုးမွှားများ ပါလာမည်ကို စိုးရိမ်နေသလို ငလျင်လက္ခဏာဖြစ်မည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်ဟု ငပုတောမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖိုးဇော်ရွှေက မဇ္ဈိမသို့ပြောသည်။

"စိုးရိမ်းတာ ကြွက်တွေထွက်လာတာ သဘာဝဘေးအန္တရာယ်အတွက် စိုးရိမ်နေတယ်။ တိရစ္ဆာန်ဆိုတာ သဘာဝဘေးအန္တရာယ်ကို ကြိုပြီးသိတယ် ငလျင်လှုပ်မှာတို့ ရေကြီးမှာတို့ စိုးရိမ်မှုတွေရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း စိုးရိမ်မှုတွေရှိပါတယ်" ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly