တပ်မတော်အရာရှိများပါသည့် ပျောက်ဆုံးလေယာဉ်ကို ရှာဖွေနေ

တပ်မတော်အရာရှိများပါသည့် ပျောက်ဆုံးလေယာဉ်ကို ရှာဖွေနေ

ရန်ကုန်၊ ဇွန် ၇ ။            ။ တနင်္သာရီတိုင်း၊ မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာစဉ် ဆက်သွယ်မှု ပြတ်တောက်ကာ ပျောက်ဆုံးနေသည့် တပ်မတော်လေယာဉ် တစ်စီးကို တပ်မတော်မှ လေယာဉ်၊ ရေယာဉ်များဖြင့် ပြန်လည် ရှာဖွေလျှက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

အဆိုပါလေယာဉ်ပေါ်တွင်  မြိတ်လေတပ်စခန်းဌာနချုပ်မှ စစ်သည်/မိသားစု ၉၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအဆက်အသွယ်ရရှိသည့် နေရာတစ်ဝိုက်သို့ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၄ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၂ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မွန်းလွဲ ၂ နာရီမှ စတင်ဆောင်ရွက်ဆဲဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယင်းပျောက်ဆုံးလေယာဉ်ပေါ်တွင် တပ်မတော်မှ လေယာဉ်မှူး ၃ဦး၊ ဒုဗိုလ်မှူးကြီးအဆင့်မှ စစ်သည်အဆင့်ထိ အရာရှိ၊ အရာထမ်းများအပြင်၊ တပ်မိသားစုများ စုစုပေါင်း ၁၀၀ခန့်ပါဝင်သည်ဟု တပ်မတော် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော လေယာဉ်လည်းဖြစ်သည်။

အဆိုပါ မြိတ်မှ ရန်ကုန်သို့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာပြီး မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ကသတင်းထုတ်ပြန်ထားသည်။

" ဒါ စက်ချို့ယွင်းမှုကြောင့်လို့ ထင်ပါတယ်၊ ရာသီဥတုကတော့ ကောင်းနေပါတယ်" ဟုအမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောထားသည်။

အဆိုပါ Y-8-200 F လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly